ထားဝယ်မြို့နယ်ရှိ သတ္တုမိုင်းတစ်ခု၌ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသော Detonator အချောင်း ၁၆၀၀ နှင့် ကြိုးများပျောက်ဆုံးမှုမှ ခိုးယူသူ ကုမ္ပဏီဝန်ထမ်းနှင့် ဆက်စပ်သူသုံးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ပျောက်ဆုံးခဲ့သည့် ပစ္စည်းများအားလုံး သိမ်းဆည်းနိုင်ခဲ့ဟု သိရ

ထားဝယ်မြို့နယ်ရှိ သတ္တုမိုင်းတစ်ခု၌ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသော Detonator အချောင်း ၁၆၀၀ နှင့် ကြိုးများပျောက်ဆုံးမှုမှ ခိုးယူသူ ကုမ္ပဏီဝန်ထမ်းနှင့် ဆက်စပ်သူသုံးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ပျောက်ဆုံးခဲ့သည့် ပစ္စည်းများအားလုံး သိမ်းဆည်းနိုင်ခဲ့ဟု သိရ
Published 29 August 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့ရှိ သတ္တုမိုင်းတစ်ခု၌ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသော Detonator အချောင်း ၁၆၀၀ နှင့် ကြိုးများပျောက်ဆုံးမှုမှ ခိုးယူသူကုမ္ပဏီဝန်ထမ်းနှင့် ဆက်စပ်သူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ပျောက်ဆုံးခဲ့သည့် ပစ္စည်းများအားလုံးကို သိမ်းဆည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထားဝယ်မြို့အရှေ့ဘက် မိုင်၂၀ ကျော်ခန့်အကွာရှိ ဟာမြင်းကြီးရွာ၌ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ထိန်းသိမ်းထားသော ယမ်းနှင့်ဆက်စပ်ပစ္စည်းများသို လှောင်ထားသည့် ယမ်းတိုက်တွင် သြဂုတ်  ၂၂ ရက်က Detonator ၁၆၀၀ ချောင်းနှင့် ကြိုးများပျောက်ဆုံးမှုနှင့် ပတ်သက်၍ အမှုစစ်အဖွဲ့က သြဂုတ် ၂၄ ရက် ည ၁၀ နာရီတွင် ကုမ္ပဏီတာဝန်ရှိသူများ၊ သက်သေများဖြင့် ဝန်ထမ်းများအား စစ်ဆေးရာ ငွေထွန်းတောက် ကုမ္ပဏီတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူဖြစ်သည့် မြင်းမတ်တပ်ရွာနေ ကျော်သူထွေး (၁၈ နှစ်) မှာ ယင်းပစ္စည်းများအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းအား ဆက်လက် စစ်ဆေးချက်အရ ၎င်းခိုးယူထားသည့် ပစ္စည်းများ သွားရောက်အပ်နှံထားသည့် မြေးခန္တီရွာရှိ ဦးဝင်းညွှန့် နေအိမ်၌ ခိုးရာပါ ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းပစ္စည်းများကို ဝယ်ယူခဲ့သည့် ဆက်စပ်သူများနှင့် ပစ္စည်းများကိုပါ သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“တစ်ယောက်ကိုပဲ ကျွန်တော်တို့က အမှုနဲ့ စဖမ်းလိုက်တာ။ ကျန်တာတွေကတော့ သူ့ဆီကနေ ဝယ်သွားတဲ့သူတွေ။ ယာဉ်မောင်း ကျော်သူထွေးဆိုတာ ပထမသူက အဓိက တရားခံပေါ့။ သူ့ကိုစဖော်ထုတ် လိုက်နိုင်တာပေါ့။ သူ့ကိုဖော်ထုတ်ပြီးမှ ကျန်တာတွေက သူကလိုက်ရောင်းခိုင်းတဲ့သူတွေ သူ့ဆီကနေ ဝယ်တဲ့သူတွေ လိုက်သိမ်းမိတာ။ ကျန်တဲ့သူ သုံးယောက်ကို နောက်ဆက်တွဲအနေနဲ့ ရမန်ယူပြီးတော့ ဖမ်းထားတယ်။ ပစ္စည်းတွေလည်း အကုန်သိမ်းထားပြီးပြီ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

အမှုမှခိုးယူသူအား စတင်ဖော်ထုတ်နိုင်ခဲ့သည့် သြဂုတ် ၂၄ ရက်ညတွင် ယမ်းတိုက်အတွင်းမှ ခိုးယူခဲ့သည့် ပစ္စည်းများဖြစ်သော Detonator များနှင့်ကြိုးများကို မြေးခန္တီကျေးရွာ အလယ်ပိုင်းနေ ဦးဝင်းညွှန့်၏ နေအိမ်သို့ သွားရောက် အပ်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သွားရောက်ရှာဖွေရာ Detonator No.8 ၅၀၀ ချောင်း၊ MS Delay Electric Detonator – 3 ၁၀၀ ချောင်း၊ Detonation Coed ၅၀ မီတာပါ ငါးခွေ (စုစုပေါင်း ၂၅၀ မီတာ) တို့အား ပြန်လည်သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ဆက်လက်စစ်ဆေးချက်အရ ခိုးရာပါပစ္စည်းများ ဝယ်ယူထားသူနှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဝယ်ယူထားသည့် Detonator များနှင့် ကြိုးများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများမှာ ပျောက်ဆုံးခဲ့သည့် Detonator ၁၆၀၀ ချောင်းအနက် ၁၅၉၂ ချောင်း သိမ်းဆည်းရရှိခဲ့ပြီး ကျန်ရှိသည့် ရှစ်ချောင်းမှာ ခိုးရာပါပစ္စည်း ဝယ်ယူသူဖြစ်သည့် ကျော်မင်းလတ်က မိုင်းလုပ်ငန်းခွင်တွင် အသုံးပြုခဲ့ပြီး ဖြစ်သည်ဟု သိရကြောင်း၊ Detonation Coed ၅၀ မီတာပါ ကြိုးခွေမှာ ပျောက်ဆုံးစဉ်က တစ်ခွေသာ စာရင်းရှိခဲ့သော်လည်း ပြန်လည်သိမ်းဆည်း ရရှိမှုမှာ ခုနစ်ခွေ ရရှိခဲ့သဖြင့် ၅၀ မီတာပါ ကြိုးခွေ ခြောက်ခွေ ပိုမိုသိမ်းဆည်း ရမိခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းအရ သိရသည်။

မိုင်းဖောက်ခွဲမှုအတွက် အသုံးပြုရာ၌ လိုအပ်သည့်ပစ္စည်း တစ်ခုဖြစ်သည့် Detonator နှင့် ကြိုးများ ပျောက်ဆုံးမှုမှ ယမ်းတိုက်အတွင်း ပစ္စည်းများကို ခိုးယူသူဖြစ်သည့် မြင်းမတတ်ရွာနေ ကျော်သူထွေး (၁၈ နှစ်) အပြင် ခိုးယူထားသည့် ပစ္စည်းများအား ထိန်းသိမ်းပေးထားသည့် မြေးခန္တီရွာနေ ဦးဝင်းညွှန့် (၄၈ နှစ်)၊ ခိုးရာပါပစ္စည်းများ ဝယ်ယူသူ မြေးခန္တီရွာနေ ကျော်မင်းလတ် (၃၃ နှစ်) နှင့် ခိုးရာပါ ပစ္စည်းများဝယ်ယူသူ ဝဲကျွန်းရပ်ကွက်နေ ဖိုးသား(ခ) ထက်နောင်စိုး (၂၈ နှစ်) တို့အား အမှုနှင့် ဆက်စပ်သူ အနေဖြင့် သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခိုးယူခံရသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ ၎င်းတို့ လေးဦးစလုံးအား ထားဝယ်မြို့မ ရဲစခန်းတွင် (ပ)၁၆၄၀/၂၀၁၈၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က)ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားရုံးတွင် ရမန်ယူကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ၎င်းတို့ လေးဦးကို အမှုဖွင့်လှစ်ထားသည့် ၁၉၄၉ ခုနှစ် လက်နက် အရေးပေါ် ပြစ်ဒဏ်စီရင်မှု (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က)တွင်  ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်ထက်မပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ စီရင်ရမည်ဟု ဖော်ပြထားသည့်အပြင် ပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီသူ တစ်ဦးတစ်ယောက်သည် ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ကို စီရင်ခြင်း ခံရမည်ဟု ဖော်ပြထားသည်။

 

Most Read