မြဝတီ နယ်စပ်ကုန်သွယ် လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) တံတားတွင် လေးရက်ကြာ ရပ်ဆိုင်းခဲ့ရသော တန် ၄၀ နှင့်အထက် ကုန်တင်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဟု သိရ

မြဝတီ နယ်စပ်ကုန်သွယ် လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) တံတားတွင် လေးရက်ကြာ ရပ်ဆိုင်းခဲ့ရသော တန် ၄၀ နှင့်အထက် ကုန်တင်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဟု သိရ
Published 29 August 2018

မြဝတီ နယ်စပ်ကုန်သွယ် လမ်းကြောင်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ဗောတံတား အတက်တွင် ကုန်ကားတစ်စီး ဘီးချော်ကျပြီးနောက် ကားအစီးရေ ရာနှင့်ချီ ပိတ်နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်

မြဝတီ နယ်စပ်ကုန်သွယ် လမ်းကြောင်းပေါ်ရှိ ဂျိုင်း ( ကော့ကရိတ်) ပွန်တွန်းတံတားပေါ်မှ ကုန်တင်ယာဉ်များ သွားလာရခက်ခဲခြင်း၊ တန် ၄၀ အထက် ဖြတ်သန်းခွင့်မပြုဟု သတိပေးခဲ့ပြီးနောက် ကုန်တင်ယာဉ်များ လေးရက်ကြာ ရပ်ဆိုင်းခဲ့ရာမှ သြဂုတ်၂၈ ရက်တွင် ပုံမှန်ဖြတ်သန်းသွားလာလျက် ရှိပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ မထွက်မချင်း တန် ၄၀ အထက် ၄၀ ဒသမ ၉ တန်အထိကို ၂၅၀၀၀ ကျပ်ဖြင့် ပေးဆောင်ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒီမနက်တော့ ရပ်ဆိုင်းနေတဲ့ ကားတွေကို ပေးဖြတ်နေပါပြီ” ဟု နယ်စပ်ကုန်သည် တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က ပြောကြားသည်။

ယခင်လက မိုးကြီးရေလျှံမှုကြောင့် ပွန်တွန်းတံတား မြင့်တက်ကာ ကားသွားလာမရ ဖြစ်ခဲ့၍ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်၊ ပြုပြင်စရိတ် ထုတ်ပေးငွေများဖြင့် BOT ဆောင်ရွက်နေသော သစ်တောက်ငှက်ကုမ္ပဏီက ယာယီတံတားထိုး ဆောင်ရွက်ခဲ့ခြင်းကြောင့် သြဂုတ် ၉ ရက်အထိ သွားလာခွင့်ရခဲ့သော်လည်း ထပ်မံ၍ ယာဉ်ကြောပိတ်နေခြင်း ဖြစ်သည်။

အသစ်ပြုလုပ်ထားသော ယာယီတံတားဘောင် ကျဉ်းခြင်းကြောင့် မော်တော်ယာဉ်များ ဘီးချော်ကျသဖြင့် သြဂုတ် ၂၄ ရက်မှစ၍ တန် ၄၀ သာခွင့်ပြုမည်ဟု သတိပေးခဲ့သော်လည်း တရားဝင် ညွှန်ကြားချက် မဟုတ်၍ လေးရက်ကြာ ရပ်ဆိုင်းခဲ့ရသည့် ကုန်တင်ယာဉ်များ အနေဖြင့် ယခုမူ ပုံမှန်သွားလာနိုင်ပြီဟု ကုန်သည်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“ဒီလမ်းမှာ ကားပိတ်တဲ့ အဓိကတရားခံဟာ ပွန်တွန်းတံတားပဲ ဖြစ်ပါတယ်။ ပွန်တွန်းဗောတံတားမှာ ကုန်ကားတွေ သွားမရဘူး။ ပိတ်နေပြီဆိုရင် လမ်းပေါ်မှာ ကားပိတ်တဲ့ဒဏ်ကို ခံရတာပါပဲ။ ခရီးသွားတွေ ဒုက္ခရောက်တယ်။ ဘယ်လောက်အထိလဲဆိုရင် တစ်နေ့က ကော့ကရိတ်က လူနာတစ်ယောက်  ဘားအံဆေးရုံကို ခြောက်နာရီခံတဲ့ အောက်ဆီဂျင်ဘူးနဲ့သွားတာ လမ်းမှာ အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတယ်။ အဲဒီလောက်အထိကို ဒုက္ခဖြစ်တာ” ဟု နယ်စပ်ကုန်သည် လုပ်ငန်းရှင် ဦးတိုးနီက ပြောကြားသည်။

အဆိုပါ ပွန်တွန်းတံတားမှ ကုန်တင်ယာဉ်များ ဖြတ်သန်းရာတွင် ကုန်နှင့်ယာဉ် ၄၈ ဒသမ ၉ တန်အား ကျပ် ၂၅၀၀၀ ကောက်ခံရန် သတ်မှတ်ထားသော်လည်း တန် ၄၀ အောက်ယာဉ်များကိုသာ ၎င်းဈေးနှုန်းဖြင့် ပေးဆောင်ရပြီး တန် ၄၀ ကျော်လျှင် တစ်တန်ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ဒဏ်ကြေးပေးဆောင် ဖြတ်သန်းခဲ့ရသည်မှာ ရှစ်နှစ်ကျော်လာပြီ ဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

အဆိုပါ ပွန်တွန်းတံတားသို့ ကုန်တင်ယာဉ်တက်ရန် ပြုလုပ်ထားသော တံတားငယ်မှာ ကျဉ်းမြောင်းခြင်းကြောင့် ကားတက်၊ ကားဆင်းခက်ခဲကာ မကြာခဏ ဘီးချော်ကျလျက်ရှိသည်။ ကုန်တင်ယာဉ်များ သွားလာမရဘဲ ရပ်ဆိုင်းနေခြင်းကြောင့် ယခုနှစ်တွင် သိသိသာသာ မြင့်တက်လာသော ကုန်သွယ်မှုပမာဏမှာ ယခုလအတွင်း လျော့ကျခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်းရှိ ကော့ကရိတ်- အိန္ဒုလမ်းပိုင်းတွင် ဆိုးရွားစွာ လမ်းပျက်စီးနေခြင်း၊ ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားပေါ်မှ ကုန်သွယ်ယာဉ် သွားလာရန် ခက်ခဲခြင်းတို့ကြောင့် နိုင်ငံတော်အတွက် ကုန်သွယ်မှု ဝင်ငွေဆုံးရှုံးမှု ဖြစ်ပေါ်နေသလို ယာဉ်ပျက်စီးခြင်း၊ ကုန်ပျက်စီးခြင်း၊  ဈေးကွက်ဈေး မမိခြင်းတို့ကြောင့် ကုန်သွယ်လုပ်ငန်းရှင်များလည်း အရှုံးပေါ်လျက်ရှိသည် ဟုဆိုသည်။

မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏမှာ ယခုနှစ် သြဂုတ် ၁၇ ရက်အထိ ပို့ကုန် ဒေါ်လာ ၃၀ ဒသမ ၀၇၃ သန်း၊ သွင်းကုန်ဒေါ်လာ ၂၇၅ ဒသမ ၆၉၉ သန်း ကုန်သွယ်ခဲ့သော်လည်း ယခင်နှစ်ကာလတူထက် သွင်းကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၈၂၆ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပွန်တွန်းတံတားပေါ်မှ ကုန်တင်ယာဉ်များ သွားလာရခက်ခဲပြီး စောင့်ဆိုင်းနေရခြင်း၊ တန် ၄၀ အထက် ကုန်တင်တွဲယာဉ်များ ရပ်ဆိုင်းနေရခြင်းနှင့် လမ်းကြောင်းတစ်လျှောက် လမ်းပျက်စီးနေခြင်းကြောင့် ကုန်သွယ်မှု လျော့နည်းခဲ့ကာ ယခင်နှစ်ကာလတူ ကုန်သွယ်မှုထက် လျော့ကျလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent