<

ဗီဇာဖြေလျှော့မှုများ ပေးထားသည့်အတွက် မန္တလေးတိုင်းအတွင်း ကိုရီးယားနှင့် ဂျပန်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်

သြဂုတ် ၂၇ ရက်ညက မန္တလေး​လေဆိပ်​သို့ တရုတ်​ခရီးသွားများ ၀င်​​ရောက်​လာသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက် လာစေရေးအတွက် လာမည့် အောက်တိုဘာ ၁ ရက်​မှစ၍ ဂျ​ပန်၊ေ​တာင်​ကိုရီးယား ခရီးသွားများ​​အတွက်​ ဗီဇာကင်းလွတ်​ခွင့်​ပေးပြီး တရုတ်​ခရီးသွားများကို ဆိုက်​​ရောက်​ဗီဇာ ​ဆောင်ရွက်ပေးထားသည့်အတွက် လာမည့်ခရီးသွားရာသီတွင် မန္တလေးတိုင်းအတွင်းသို့ ကိုရီးယားနှင့် ဂျပန်ခရီးသွားများ ယခင်နှစ်ထက် ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

ယခုနှစ် နှစ်စ ဇန်န၀ါရီမှ ဇွန်အထိ မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ပြည်ပခရီးသွား ၀င်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် ပြင်သစ်နိုင်ငံ၊ တတိယအနေဖြင့် ထိုင်းနိုင်ငံမှ ၀င်ရောက်မှု အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများမှ ခရီးသွားဝင်ရောက်မှု ကျဆင်းသွားကြောင်း၊ လက်ရှိတွင် ကိုရီးယားနှင့် ဂျပန်ခရီးသွားများအား ဗီဇာကင်းလွတ်ခွင့် ပေးထားသည့်အတွက် ယခင်နှစ်များထက် ပိုမိုဝင်ရောက် လာသည်ဟု မျှော်လင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကိုရီးယားနဲ့ ဂျပန်ကို ဗီဇာကင်းလွတ်ခွင့် ပေးပါတယ်။ တရုတ်ခရီးသွား ဧည့်သည်ကိုတော့ ဆိုက်ရောက်ဗီဇာ ပေးထားပါတယ်။ လက်ရှိမှာက တရုတ်ခရီးသွား ဧည့်သည်တွေ တိုးတက်လာပြီး မန္တ​လေးတိုင်းကလည်း တရုတ်ပြည်နဲ့ နီးစပ်တဲ့အတွက် စီးပွား​ရေး လုပ်ငန်းနဲ့လည်း လာတာဆိုတော့ တရုတ်​ခရီးသွား ဧည့်သည်က တိုးတက်လာတယ်။ ကျန်တဲ့ ခရီးသွားဧည့်သည်တွေကိုလည်း တိုးတက်လာမယ်လို့ မျှော်မှန်းပါတယ်။ လက်ရှိမှာလည်း ဗီဇာကင်းလွတ်ခွင့်လုပ်တဲ့ နိုင်ငံတွေက ယခင်ထက်စရင် တိုးတက်လာတယ်။ လာမယ့်နှစ်တွေမှာ ဂျပန်ခရီးသွားဧည့်သည်နဲ့ ကိုရီးယား ခရီးသွား ဧည့်သည်ကတော့ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းသို့ လာရောက်လည်ပတ်မည့် ပြည်ပခရီးသွားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် Information Center များကို တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လည်းကောင်း၊ မန္တလေး ဘူတာကြီးတွင် လည်းကောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လည်းကောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး ကျန်နေရာများတွင်လည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်မူ အပိုင်းတွေလည်း ရှိပါတယ်။ ခရီးသွားကဏ္ဍထဲမှာ ပါဝင်တဲ့ အဖွဲ့တွေကိုလည်း အသိပေးပြီးတော့ ကြိုတင်ဆောင်ရွက်ထားတာ ရှိပါတယ်။ ဥပမာဆိုရင် တရုတ်ခရီးသွား ဧည့်သည်ဆိုရင် တရုတ်ခရီးသွားနဲ့ လျော်ညီစွာပဲ သူတို့သွားတဲ့ နေရာတွေ၊ စား​သောက်​ဆိုင်​တွေကိုလည်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနဲ့ ညှိနိုင်းဆောင်ရွက်ရတာရှိတယ်။ နောက်ခရီးသွား လုပ်ငန်းက စကားပြန်တွေကိုလည်း တရုတ်စကားပြန်ရရှိရေး ဆောင်ရွက်ရတာရှိတယ်။ ယခင်ကလည်း ကြိုတင်ဆောင်ရွက်သလို အခုလည်း ဆက်လက် ဆောက်ရွက်နေတယ်။ နောင်လည်း ဆက်လက် ဆောက်ရွက်သွားမယ်။ ဆောင်ရွက်တဲ့အခါမှာ ဘာကို အဓိကထားသလဲဆို ခရီးသွားလုပ်ငန်းကို အစဉ်ဖွံ့ဖြိုးတဲ့ လုပ်ငန်းကို ဆောင်ရွက်ရတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

လက်ရှိတွင် မန္တလေးမြို့သို့ ခရီးသွား ၀င်ရောက်မှုမှာ ပြည်ပခရီးသွားများ သာမက ပြည်တွင်းခရီးသွားများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်မှု များနေကြောင်းနှင့် အဆိုပါဌာန၏ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား ၃၈၅၀၃၁ ဦးနှင့် ပြည်တွင်းခရီးသွား ၅၁၇၂၉၀ ဦး၊ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသွား ၄၈၃၇၈၄ ဦးနှင့် ပြည်တွင်းခရီးသွား ၅၈၉၃၇၄ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် လက်ရှိ ခြောက်လတာ စာရင်းများအရ ပြည်ပခရီးသွား ၂၃၁၀၀၂ ဦး နှင့် ပြည်တွင်းခရီးသွား ၃၂၉၅၆၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

August 28, 2018














Copy Protected by Chetan's WP-Copyprotect.