တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို ထည့်သွင်းရေးဆွဲနိုင်ရန် ဆွေးနွေး

တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို ထည့်သွင်းရေးဆွဲနိုင်ရန် ဆွေးနွေး
Published 29 August 2018

သြဂုတ် ၂၈ ရက်က နေပြည်တော်ရှိ Amara ဟိုတယ်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ်

အဆင့်မြင့်ပညာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို ထည့်သွင်းရေးဆွဲနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၈ ရက်က နေပြည်တော်ရှိ Amara ဟိုတယ်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို အားဖြည့်သင်ကြားပို့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် တက္ကသိုလ်များဆိုင်ရာ အတိုင်ပင်ခံအဖွဲ့နဲ့ မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို ထည့်သွင်းအားဖြည့် သင်ကြားပို့ချနိုင်ရေးအစပျိုးနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

German Watch ၏ ၂၀၁၈ ခုနှစ်  Global Climate Risk Index Report အရ ကမ္ဘာ့နိုင်ငံများအားလုံးတွင် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားရသည့် တတိယမြောက်နေရာတွင်ရှိ နေခြင်းကြောင့် ရာသီဥတုပြောင်းလဲမှု ခံနိုင်ရည်ရှိစေရန်နှင့် ကာဗွန်ထွက်ရှိမှုလျော့နည်းသည့် လူမှုအသိုက်အဝိုင်းဖြစ်လာစေရန်အတွက် မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ၂၀၃၀ ပင်မလုပ်ငန်း အစီအစဉ်များ ရေးဆွဲခဲ့ကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက “ဒီပင်မလုပ်ငန်းစဉ်ကို ကြည့်လိုက်တဲ့အခါကျတော့ ပင်မလုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် အဓိက အရေးကြီးတဲ့တစ်ချက်ကတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးကဏ္ဍမှာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ အရည်အသွေးတွေ မြှင့်တင်ဖို့ အဓိက လိုအပ်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရာသီဥတုဆိုင်ရာ ဘာသာရပ်တွေကို အဆင့်မြင့်ပညာဦးစီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်အဆင့်တွေမှာ သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် ကျွန်တော်တို့ အဓိက ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “အထူးပြုဘာသာရပ် တစ်ခုအနေနဲ့ ပြဋ္ဌာန်းဖို့လိုအပ်သလိုရှိပြီး ဘာသာရပ်တွေမှာလည်း ပေါင်းစပ်ပြီးတော့ ပြဋ္ဌာန်းဖို့လိုပါတယ်။ နည်းလမ်းနှစ်သွယ်နဲ့ သွားမှာပါ။ တက္ကသိုလ်တိုင်းမှာတော့ မလိုအပ်ဘူး။ တက္ကသိုလ်တိုင်းမှာတော့ သင်ကြား ပြသနေတဲ့ ဘာသာရပ်မှာ ပေါင်းစပ်ပြီးတော့ ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်ပြီးတော့ ဆောင်ရွက်သွားဖို့၊ တချို့တက္ကသိုလ်တွေမှာက ရာသီတုပြောင်းလဲမှုကို သီးခြားဘာသာ တစ်ခုအနေနဲ့ ပြဋ္ဌာန်းဆောင်ရွက်သွားဖို့လိုတယ်” ဟု ဦးလှမောင်သိန်းက ပြောကြားသည်။

လက်ရှိတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆက်စပ်ကဏ္ဍများရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း၍ ဖွဲ့စည်းမှု၊ စီမံကိန်းရေးဆွဲခြင်းနှင့် ငွေကြေးရန်ပုံငွေ စသည့် ကဏ္ဍအလိုက် အခြေခံရာသီဥတုလုပ်ငန်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent