PSG တောင်ပံကစားသမား ဂယ်ဒက်စ်အား ဗလင်စီယာအသင်း အပြီးသတ်ခေါ်ယူ

PSG တောင်ပံကစားသမား ဂယ်ဒက်စ်အား ဗလင်စီယာအသင်း အပြီးသတ်ခေါ်ယူ
Published 29 August 2018

Photo: Marca

ဗလင်စီယာအသင်းသည် PSG အသင်းမှ ပေါ်တူဂီတောင်ပံကစားသမား ဂယ်ဒက်စ်ကို အပြီးသတ်ခေါ်ယူခဲ့ကြောင်း သိရသည်။

အသက် (၂၁)နှစ်အရွယ်ရှိ ပေါ်တူဂီတောင်ပံကစားသမား ဂယ်ဒက်စ်အတွက် ဗလင်စီယာအသင်းသည် PSG အသင်းကို ယူရိုသန်း (၄၀)အပြင် စွမ်းဆောင်ရည်ကိုကြည့်ကာ ယူရို(၁၀)သန်း ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။

ဗလင်စီယာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းက ဂယ်ဒက်စ်အား အပြီးသတ်ခေါ်ယူရန် ယူရိုသန်း (၄၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ယင်းအချိန်တွင် PSG အသင်း၏ နည်းပြအပြောင်းအလဲ ဖြစ်စဉ်ကြောင့် ပယ်ချခြင်း ခံခဲ့ရကြောင်း သိရသည်။

ဂယ်ဒက်စ်သည် ပြီးခဲ့သည့်ရာသီကလည်း ဗလင်စီယာအသင်းတွင် တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားခဲ့ပြီး လာလီဂါ(၃၃)ပွဲတွင် (၅)ဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ၎င်းသည် ဗလင်စီယာအသင်း၏ တိုက်စစ်ပိုင်းတွင် နည်းပြ မာဆယ်လင်နို စိတ်ကြိုက်တွေ့သည့် ကစားသမားတစ်ဦးဖြစ်သည့်အတွက် ဗလင်စီယာအသင်းက အရခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

Photo: Getty Images

ဂယ်ဒက်စ်သည် ပရိုကစားသမားဘဝကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း၌ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် PSG အသင်းသို့ ယူရိုသန်း (၃၀)ဖြင့် ပြောင်းရွှေ့ခဲ့သည်။ သို့သော် PSG အသင်းတွင် နေရာမရဘဲ (၂)ရာသီအတွင်း ပြိုင်ပွဲစုံတွင် (၁၃)ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဂိုးလုံးဝသွင်းယူနိုင်ခြင်းမရှိပေ။

ထို့ကြောင့် ပြီးခဲ့သည့်ရာသီက PSG အသင်းသည် ၎င်းအား ဗလင်စီယာအသင်းသို့ အငှားချခဲ့ခြင်း ဖြစ်သည်။ ဂယ်ဒက်စ်သည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၅ ခုနှစ်တွင် စတင်ပွဲထွက်ခဲ့ပြီး အသင်းအတွက် (၁၄)ပွဲတွင် (၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီအသင်းတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

 

 

 

 

 

 

 

 

 

Most Read

Most Recent