နတ်မောက်မြို့နယ် ကျေးရွာများတွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၇၀ အထိ စံချိန်တင်ဈေးကျခဲ့ပြီး မကွေး၊ ရေနံချောင်းဈေးများတွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁၂၀၀ ကျော်မှ ကျပ် ၄၀၀ အထိ ဈေးကျဆင်း

နတ်မောက်မြို့နယ် ကျေးရွာများတွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၇၀ အထိ စံချိန်တင်ဈေးကျခဲ့ပြီး မကွေး၊ ရေနံချောင်းဈေးများတွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁၂၀၀ ကျော်မှ ကျပ် ၄၀၀ အထိ ဈေးကျဆင်း
Published 29 August 2018

နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းအနီး ခရမ်းချဉ်ခြံကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းနှင့် အနီးတစ်ဝိုက် ခရမ်းချဉ်သီး အဓိက စိုက်ပျိုးသည့် ကျေးရွာများတွင် သြဂုတ် ၂၀ ရက်ကျော်မှစ၍ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၇၀ အထိ စံချိန်တင်ဈေးကျခဲ့ပြီး မကွေးမြို့နှင့် ရေနံချောင်းမြို့ပေါ်ရှိ ဈေးများတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ကျော်မှ ကျပ် ၄၀၀ အထိ ဈေးကျဆင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နတ်မောက်မြို့နယ်အတွင်း ရွာမွန်ကျောက်ပန်းတောင်း ကားလမ်းနံဘေးနှင့် ပင်းမြို့ဟောင်း ဝန်းကျင်ရှိ ကျေးရွာများတွင် မိုးဦးကျရာသီမှစ၍ ထိုင်ဝမ်ခရမ်းချဉ်နှင့် မြန်မာခရမ်းချဉ်များ စိုက်ပျိုးလေ့ရှိကြောင်း၊ ယခုနှစ် ခရမ်းချဉ်သီးပေါ်စ ရာသီတွင် ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၇၀ ဈေးအထိ စံချိန်တင် ဈေးကျဆင်းခဲ့ကြောင်း မြန်မာခရမ်းချဉ်သီးသည် တစ်ပိဿာလျှင် ကျပ် ၃၀၀ ကျော် ဈေးရှိကြောင်း သိရသည်။

“အရင်နှစ်တွေကလည်း ခရမ်းချဉ်သီးပေါ်ချိန်ဆို ဈေးကျတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အခုနှစ်မှာတော့ တစ်ပိဿာကို ကျပ် ၇၀ အထိ ကျဆင်းတာက အဆိုးဆုံး အခြေအနေပါ။ ဒါပေမဲ့ ခရမ်းချဉ်သီး အဝယ်ဒိုင်တွေက ကျေးရွာတွေအထိ ကားနဲ့လာကောက်ကြတော့ တောင်သူတွေအတွက် နည်းနည်းခံသာပါတယ်။ ဒီအတိုင်း လွှင့်ပစ်ရမယ့်အတူတူ လုပ်အားခပဲ ရရဆိုပြီး ခူးရောင်းကြရတာပါ။ စိုက်ပျိုးစဉ်က ကုန်ကျခဲ့တဲ့ စရိတ်တွေနဲ့ ချိန်ထိုးကြည့်ရင်တော့အား လုံးအရှုံးပြကြပါတယ်” ဟု ပင်းမြို့ဟောင်းမှ စိုက်ပျိုးရေး ပညာရှင် ဦးအောင်ချိုမြတ်က ပြောကြားသည်။

ယင်းသို့ ဈေးကျမှုများကြောင့် မကွေးမြို့နှင့် ရေနံချောင်းမြို့ပေါ်ရှိ ဈေးများတွင် သြဂုတ်လဆန်းပိုင်းက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ကျော်အထိ ဈေးရှိခဲ့ရာမှ သြဂုတ် ၂၈ ရက်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၄၀၀ ဈေးအထိ လက်လီဈေးရှိကြောင်း၊ နတ်မောက်မြို့နယ်အတွင်း ကျေးရွာအချို့တွင် မြန်မာခရမ်းချဉ်မျိုးကို ခူးဆွတ်ပြီးစမှ နှစ်ပတ်လည် နီးပါးအထိ အထားခံနိုင်ရန် သိုလှောင်သည့်နည်းများ ရှိသောကြောင့် ဈေးကွက်မတည်ငြိမ်မှုကို ခံနိုင်ရည်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

Most Read

Most Recent