<

ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးခြင်းအပြင် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန်လိုအပ်ဟုဆို

ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးခြင်းအပြင် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန်လိုအပ်ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

“ဘယ်က စလုပ်မလဲဆိုတာ ဖြစ်စဉ်ပေါ့နော်။ ဆရာတို့ ပြောထားတာနှစ်ခု။ ဒီ ARSA တိုက်ခိုက်မှုကနေ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေ။ ဒါတွေ စုံစမ်းစစ်ဆေးဖို့အပြင်ကို ပိုပြီးအရေးကြီးတာက ရေရှည်မှာ ရခိုင်ပြည်နယ် အေးချမ်းသာယာဖို့၊ ဖွံ့ဖြိုးဖို့ ဘာတွေလုပ်ရမလဲဆိုတာကို ဆရာတို့ စဉ်းစားဖို့လည်း လိုပါတယ်။ အဲဒီတော့ နှစ်ပိုင်းပဲပေါ့။ အဲဒီတော့ အပြစ်တင်တာ၊ အပြစ်ရှာတာမဟုတ်ဘဲနဲ့ အခြေအနေတစ်ခုကို ကိန်းဂဏန်းစုံစုံ လင်လင်နဲ့ သုံးသပ်နိုင်တဲ့အနေအထားရှိအောင် ကျွန်တော်တို့ ကြိုးစားကြည့်မှာပါ” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

အသစ်ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကော်မရှင်အဖွဲ့ဝင်များ ပထမအကြိမ်တွေ့ဆုံပွဲကို သြဂုတ် ၁၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ပထမပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအောင်ထွန်းသက်က “ဒုတိယအကြိမ် ရှေ့အပတ်ထဲတွေ့မှာပေါ့။ ဆိုတော့ လုပ်စရာရှိတာတော့ လုပ်မှာပေါ့။ အဲဒီတော့ လုပ်စရာရှိတာကို လုပ်တဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ၊ အစီရင်ခံစာတွေ၊ လေ့လာထားတာတွေ အများကြီးရှိတာကို ဒါသုံးသပ်ဖို့ လိုတာပေါ့။ သုံးလည်း သုံးသပ်နေပါတယ်။ ဒုတိယအကြိမ်တွေ့မှာက ဆရာတို့ကော်မရှင်တွေနဲ့ပဲ တွေ့မှာပါ။ ကော်မရှင်တွေနဲ့ တွေ့မယ်။ ပြီးတော့မှ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ရမှာပါ” ဟု ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ်အဖွဲ့များ၏ သွားလာလုပ်ဆောင်ရာတွင် လွတ်လပ်မှုမရှိခြင်း၊ သွားလာခွင့်မပေးခြင်း စသည့် ဝေဖန်မှုများနှင့် ပတ်သက်၍ ဒေါက်တာအောင်ထွန်းသက်က “လွတ်လွတ်လပ်လပ် မသွားနိုင်ဘူးဆိုတဲ့ လူတွေကလည်း ခက်တယ်။ ဆရာတို့ကတော့ ခွင့်ပေးထားတာပဲ။ အဲဒီတော့ မသွားနိုင်တာဆိုတာ လက်တွေ့ကျကျပြောပါ။ ဘယ်အချိန်တုန်းက ဘာလျှောက်လို့ ဘယ်တုန်းက မသွားနိုင်ဘူးဆိုတာသိရင် ဆရာတို့လည်း လုပ်ပေးမှာပေါ့။ ဆရာတို့မှာ သွားခွင့်မပေးထားတာ မဟုတ်ဘူး။ သွားခွင့်ပေးဖို့ ကျွန်တော်တို့ကလည်း MoU တောင် ထိုးပြီးပြီပဲ။ ဟုတ်တယ် မဟုတ်လား။ ဆရာတို့အနေနဲ့ ဒါသွားစေချင်တယ်။ မီဒီယာကိုလည်း ရောက်စေချင်တယ်။ ဆရာတို့ ဆန္ဒကတော့ ဒါပွင့်လင်းမြင်သာမှုကို အားပေးတဲ့ အဖွဲ့အစည်း။ သူတို့ကို တကယ့် ပကတိအခြေအနေသိရင် ပိုကောင်းတာပေါ့။ ဒါတော့ ဆရာတို့အနေနဲ့ပြဿနာ မရှိပါဘူး” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးရန်အတွက် စတင်ဆောင်ရွက်နိုင်ရန် အသင့်ဖြစ်နေပြီး လုံခြုံရေးပိုင်းဆိုင်ရာကို တာဝန်ရှိသူများက စီစဉ်ပေးမည်ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

 

August 28, 2018














Copy Protected by Chetan's WP-Copyprotect.