မုံရွာခရိုင် ဘုတလင်မြို့နယ် အတွင်းရှိ လယ်ယာမြေများတွင် ဖရဲနှင့်သခွား လာရောက်စိုက်ပျိုးသည့် တရုတ်နိုင်ငံသားများအား ယခုနှစ်မှစ၍ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးမည်ဟု သိရ

မုံရွာခရိုင် ဘုတလင်မြို့နယ် အတွင်းရှိ လယ်ယာမြေများတွင် ဖရဲနှင့်သခွား လာရောက်စိုက်ပျိုးသည့် တရုတ်နိုင်ငံသားများအား ယခုနှစ်မှစ၍ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးမည်ဟု သိရ
Published 29 August 2018

တရုတ်နိုင်ငံခြားသားများ စိုက်ပျိုးထားသည့် ဖရဲစိုက်ခင်း တစ်ခုကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် အတွင်းရှိ လယ်ယာမြေများပေါ်တွင် ဖရဲနှင့်သခွားများ လာရောက်စိုက်ပျိုးသည့် တရုတ်နိုင်ငံခြားသားများကို ယခုနှစ်မှစတင်ကာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က ပြောကြားသည်။

ဘုတလင်မြို့နယ် အတွင်းရှိ လယ်ယာမြေများပေါ်တွင် နှစ်စဉ် တရုတ်နိုင်ငံခြားသားများက ဖရဲနှင့်သခွားများ လာရောက် စိုက်ပျိုးလေ့ရှိကြောင်း၊ ယင်းဖရဲနှင့် သခွားများအား လာရောက် စိုက်ပျိုးသည့် တရုတ် နိုင်ငံခြားသားများက သက်ဆိုင်ရာသို့ အခွန်ပေးဆောင်မှုများလည်း လုံးဝမရှိကြောင်း ၎င်းကဆိုသည်။

“အခွန်ကောက်ဖို့ အတွက်လည်း လုပ်မယ်။ ပြီးတော့ ကျွန်တော်တို့ ဘုတလင်မြို့နယ်မှာ ဖရဲနဲ့သခွား လာစိုက်ကြတဲ့ တရုတ်နိုင်ငံခြားသားတွေဟာဆိုရင် ဘာဗီဇာနဲ့ လာတာမှန်းလဲ မသိရဘူး။ သက်ဆိုင်ရာဌာနကို အသိပေး အကြောင်းကြား တာမျိုးလည်း မရှိဘူးလို့ ကျွန်တော်တို့ ကြားနေရတယ်။ သက်ဆိုင်ရာဌာနတွေ စုပေါင်းပြီးတော့ တရုတ်နိုင်ငံခြားသားတွေကို ကြပ်မတ်စစ်ဆေးဖို့ရာအတွက် ဆိုပြီးတော့ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမယ်။ ဘာဗီဇာမှ မရှိရင်တော့ အရေးယူတာမျိုးတွေ လုပ်သွားမယ်” ဟု ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က ဆက်လက် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ယင်းမာပင်မြို့နယ်၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် ဘုတလင်မြို့နယ်များတွင် တရုတ်နိုင်ငံသားများသည် ပြည်တွင်းရှိ နီးစပ်ရာ လူပုဂ္ဂိုလ်များအား မြေဝယ်ခိုင်းပြီး နီးစပ်ရာ လူပုဂ္ဂိုလ်များကို အမည်ခံခိုင်းကာ နှစ်စဉ် ဖရဲနှင့်သခွား စိုက်ခင်းများ လာရောက် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ကျေးရွာ၂၅ ရွာခန့်တွင် တရုတ်နိုင်ငံခြားသားများ ဦးဆောင်ကာ ဖရဲနှင့် သခွားများ နှစ်စဉ်လာရောက် စိုက်ပျိုးလေ့ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးမှုနှင့် ပတ်သက်၍ ဘုတဘင်မြို့နယ် အခွန်ဦးစီးဌာနတွင် အခွန်ငွေများ ပေးဆောင်ခြင်း မရှိကြောင်း ဦးအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent