ပုဂ္ဂလိကနှင့် အစိုးရသူနာပြု သားဖွားသင်တန်းကျောင်းများကို အရည်အသွေး သတ်မှတ်နိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့် သူနာပြု/သားဖွားကောင်စီ ဆွေးနွေး

ပုဂ္ဂလိကနှင့် အစိုးရသူနာပြု သားဖွားသင်တန်းကျောင်းများကို အရည်အသွေး သတ်မှတ်နိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့် သူနာပြု/သားဖွားကောင်စီ ဆွေးနွေး
Published 29 August 2018

သူနာပြုတက္ကသိုလ်တွင် တက်ရောက် သင်ကြားနေသော သင်တန်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ပုဂ္ဂလိကနှင့် အစိုးရသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို အရည်အသွေး အဆင့်အတန်း (Accreditation) သတ်မှတ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သူနာပြု/သားဖွား ကောင်စီတို့ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက်တွင် စတင်တာဝန်ပေးအပ်ခဲ့ပြီး မကြာမီကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးအနက် ကျန်ရှိသော ၁၁ ဦးကို ရွေးချယ်တင်မြှောက်ရန်နှင့် လာမည့် လေးနှစ်တာ ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ပုဂ္ဂလိကနှင့် အစိုးရသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို အရည်အသွေး အဆင့်အတန်း သတ်မှတ်နိုင်ရေးကိစ္စများ၊ သူနာပြု/သားဖွားလိုင်စင် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်း ကိစ္စများ၊ သူနာပြု/သားဖွားများ စဉ်ဆက်မပြတ် လေ့လာသင်ကြားမှု အခြေအနေအပေါ် မူတည်၍ Credit Point များ သတ်မှတ်၍ လိုင်စင်သက်တမ်း တိုးရာတွင် ထည့်သွင်းစဉ်းစားရန် ကိစ္စများ စသည်တို့ကို ဆွေးနွေးထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးရုံအသီးသီးတွင် သူနာပြုလိုအပ်ချက် မြင့်မားနေသည့်အတွက် ယခုနှစ်မှစ၍ သူနာပြု သင်တန်းသား ဦးရေကို ယခင်နှစ်များထက် နှစ်ဆတိုးမြှင့် ခေါ်ယူသင်ကြား လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများ၏ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ စွမ်းရည်၊ ကုသရေးနှင့် သူနာပြုစုမှု စွမ်းရည်များ ယခုထက် ပိုမိုတိုးတက်စေရေး၊ သူနာပြုနှင့် သားဖွားဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်ချက်အရ သူနာပြု သင်တန်းသား ဦးရေကို နှစ်စဉ် ၁၈၀၀ ခန့်သာ သင်ကြားပေးနိုင်ခဲ့ရာမှ ယခုနှစ်မှစ၍ နှစ်ဆတိုးမြှင့်ပြီး ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူ သင်ကြားလျက် ရှိကြောင်းနှင့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးစနစ်များကို နိုင်ငံတကာ အဆင့်အတန်းမီ ဖြစ်စေရေး ပြောင်းလဲဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ လူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေးလက်ဒေသတွင် အများစု တာဝန်ထမ်းဆောင်ကြရသော သားဖွားဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သူနာပြု/သားဖွားများ၏ ဘဝတက်လမ်းအတွက် သားဖွားသိပ္ပံဘွဲ့များ ပေးအပ်နိုင်ရန်လည်း စီစဉ်နေပြီး ပြည်ပအတွေ့အကြုံများ ရရှိစေရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီအစဉ်ဖြင့် သင်တန်းများ၊ လေ့လာရေးခရီးများ စေလွှတ်သွားရန်လည်း စီစဉ်ထားကြောင်းနှင့် သူနာပြု၊ သားဖွား ဆရာမများအား ဝန်ကြီးဌာနက ရာထူးနေရာများ ပေးရန်နှင့် သားဖွားဆရာမများ အတွက် ပညာရပ်ဆိုင်ရာ ဘွဲ့များလည်း ပေးအပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် သူနာပြုတက္ကသိုလ်နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊ သူနာပြု ၃၅၀၀၀ ကျော်နှင့် သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့်မွေးထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် တက္ကသိုလ်နှင့် သင်တန်းကျောင်း အသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်းတက်ရောက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent