ဘဏ္ဍာနှစ် ရှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီးအတွက် ကျပ် ၄၈ ဘီလျံကျော် သုံးစွဲခဲ့ဟု သိရ

ဘဏ္ဍာနှစ် ရှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီးအတွက် ကျပ် ၄၈ ဘီလျံကျော် သုံးစွဲခဲ့ဟု သိရ
Published 29 August 2018

ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေသည့် လျှပ်စစ်ဝန်ထမ်း တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)

ဘဏ္ဍာရေးနှစ် ရှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီးအတွက် ငွေကျပ် ၄၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးအတွက် ၂၀၁၁-၂၀၁၂ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ ဘဏ္ဍာရေးနှစ် ငါးနှစ်တွင် ဘတ်ဂျက်အမှန်စာရင်း (A) အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၈ ဒသမ ၁၂၅ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅၈ ဒသမ ၅၈၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၅၀ ဒသမ ၀၀၀ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၉၀ ဒသမ ၀၀၀ သန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျပ် ၈၀၈၄ ဒသမ ၆၈၉ သန်းတို့ကို သုံးစွဲခဲ့ကြောင်း သိရသည်။

အလားတူ NLD အစိုးရတာဝန်ယူသည့် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ရှေ့ပြေးအမှန်စာရင်း (PA) အရ ကျပ် ၃၀၂၀၆ ဒသမ ၈၄၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်း (BE) ဘတ်ဂျက်မှာ ကျပ် ၁၈ ဒသမ ၃၃၁ သန်းဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ (RE) စာရင်းအရ ကျပ် ၂၅၂၁ ဒသမ ၀၅၀ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ခြောက်လအထိ ကျပ် ၆၈၅၃ ဒသမ ၃၀၁ သန်းဖြစ်ကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ခြောက်လအထိ ဘဏ္ဍာရေးနှစ် ရှစ်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးအတွက် စုစုပေါင်းငွေကျပ် ၄၈၂၉၀ ဒသမ ၉၂၉ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

NLD  အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးနှင့်ပတ်သက်၍ အခက်အခဲမျိုးစုံကို ရုန်းကန်ခဲ့ရပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးအား လုံလောက်အောင် ပေးနိုင်သည့် အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်မီးအား ပြည်သူလူထုအတွက် နိုင်ငံတော်မှ အရှုံးခံကာ မီးပေးနေရသည့် အခြေအနေမျိုး ရှိနေကြောင်း၊ လျှပ်စစ်မီးသည် များများဖြန့်ဝေပါက များများရှုံးသည့် အခြေအနေမျိုး ဖြစ်နေကြောင်း၊ လျှပ်စစ်မီးနှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ ပေးနိုင်ရန်အတွက် စိစစ်သုံးသပ်ကာ ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေများကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရအကြား ဆွေးနွေးဆောင်ရွက်ရမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် သြဂုတ် ၂၇ ရက်တွင် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၂၂၄ ဒသမ ၉ မဂ္ဂါဝပ်ရှိပြီး တစ်ရက်တာ စုစုပေါင်း ထုတ်လုပ်ခဲ့သည့်ယူနစ် ၆၁၀၉၄ ဒသမ ၅ မဂ္ဂါဝပ်နာရီ ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှုမှာ ၁၃၃၅ ဒသမ ၂ မဂ္ဂါဝပ် ဖြစ်ကြောင်း သိရသည်။

ထို့အတူ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ထုတ်လုပ်မှုနှင့် တစ်ရက်တာ စုစုပေါင်း ထုတ်လုပ်သည့် ယူနစ်အား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်နှင့် နှိုင်းယှဉ်ချက်အရ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၂၇၄၄ ဒသမ ၉ မဂ္ဂါဝပ်ရှိပြီး တစ်ရက်စုစုပေါင်း ထုတ်လုပ်ခဲ့သည့်ယူနစ် ၅၀၈၂၈ ဒသမ ၆ မဂ္ဂါဝပ်နာရီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent