<

သွင်းဂိုးများအတွက် တစ်ဦးတည်းအပေါ်မှီခိုခြင်းမပြုဟု ရီးယဲလ်နည်းပြ လိုပယ်တယ်ဟီ တုံ့ပြန်

Photo: AFP

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီက စီရော်နယ်လ်ဒိုမရှိတော့သည့် အဓိကဂိုးသွင်းသူနေရာအတွက် ကစားသမား တစ်ဦးတည်းအပေါ် မှီခိုအားထားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် အပြောင်းအရွှေ့ကာလပြီးဆုံးရန် နီးကပ်နေသော်လည်း စီရော်နယ်လ်ဒိုနေရာအတွက် အစားထိုးခေါ်ယူထားခြင်းမရှိသေးသဖြင့် မီဒီယာများက မေးမြန်းရာလိုပယ်တယ်ဟီက ယင်းကဲ့သို့ဖြေကြားခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ရာသီအဖွင့်ပွဲစဉ် (၁) တွင် ဂီတာဖေးအသင်းကို (၂) ဂိုးပြတ် အနိုင်ရထားသလို သြဂုတ် (၂၆) ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် (၂)တွင်လည်းလည်း ဟီရိုနာအသင်းအား နောက်မှလိုက်ကစားကာ (၄-၁)   ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ်တွင် ရီးယဲလ်အတွက် ဂိုးများကို ရာမို့စ် (၃၉) မိနစ် ပယ်နယ်တီ၊ ဘန်ဇီမာ (၅၂) ပယ်နယ်တီ၊ (၈၀) မိနစ် နှင့် ဂါရတ်ဘေးလ် (၅၉) မိနစ် တို့က သွင်းယူပေးခဲ့ရာ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် လိုပယ်တယ်ဟီက ” ဟီရိုနာက ပွဲအစမှာ ပုံစံကောင်းပြနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း စောစောရသွားတယ်။ သူတို့က နောက်ထပ်ဂိုးတွေလည်း ထပ်ရနိုင်ခြေရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပယ်နယ်တီနှစ်ကြိမ်ရခဲ့ပြီး အဲဒီလိုရဖို့လည်း ထိုက်တန်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က နိုင်ပွဲရဖို့ပဲ ကစားခဲ့တာဖြစ်ပြီး အခွင့်အရေးတွေလည်း တော်တော်ရခဲ့ပါတယ်။ ဖိအားတွေကို တည်တည်ငြိမ်ငြိမ်နဲ့တုံ့ပြန်ခဲ့ပြီး ဒုတိယပိုင်းမှာ အနိုင်ရလဒ်နဲ့ထိုက်တန်တဲ့ပုံ   စံပြနိုင်ခဲ့ပါတယ်။ နေရာလွတ်တွေ ရှာဖွေနိုင်တဲ့အချိန်မှာ သွင်းဂိုးတွေစပြီးရလာတာပါပဲ။ အဲဒီအချိန်မှာ ဂါရတ်၊ ကာရင် (ဘန်ဇီမာ)၊ ဆာဂျီယို (ရာမို့စ်) တို့ ဂိုးတွေသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူပဲသွင်းသွင်း အရေးမကြီးပါဘူး။ ဒါက အသင်းအတွက် သွင်းဂိုးတွေလို့ပဲ မှတ်ယူပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းမှ ခေါ်ယူထားသည့် ဘယ်လ်ဂျီယံလက်ရွေးစင် ကော်တိုအာကို အသုံးမပြုသေးခြင်းနှင့်ပတ်သက်၍ ၎င်းက ” ဂိုးသမားတွေကို ဘယ်လိုပုံစံမျိုး အလှည့်ကျသုံးရမလဲဆိုတာ ကြည့်ရပါဦးမယ်။ ကျွန်တော့်ဆီမှာ အရမ်းတော်တဲ့ဂိုးသမားသုံးဦးရှိပါတယ်။ ဒီနေ့ပွဲမှာ ကေလာ (နာဗတ်စ်) ကစားတာ အရမ်းကောင်းပါတယ်။ နောက်ပွဲတွေမှာ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ကြပါ။ ဂိုးသမားနဲ့ပတ်သက်ပြီး စဉ်းစားထားတာရှိပေမဲ့ ထုတ်ပြောမှာမဟုတ်ပါဘူး” ဟု ဆိုသည်။

August 28, 2018














Copy Protected by Chetan's WP-Copyprotect.