ဟင်္သာတမြို့နယ် ဥသျှစ်ကုန်းကျေးရွာ၌ ကမ်းပြိုမှုကြောင့် သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များ ဖျက်ရွှေ့နေရ

ဟင်္သာတမြို့နယ် ဥသျှစ်ကုန်းကျေးရွာ၌ ကမ်းပြိုမှုကြောင့် သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များ ဖျက်ရွှေ့နေရ
Published 29 August 2018

ကမ်းပြိုမှုကြောင့် ဟင်္သာတမြို့နယ် ဥသျှစ်ကုန်းကျေးရွာရှိ ရွာကျောင်းဘုန်းတော်ကြီးကျောင်း ဖျက်ရွှေ့ထားရသည်ကို တွေ့ရစဉ်

ကမ်းပြိုမှုကြောင့် သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များဖျက်ရွှေ့နေရသည့် ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စုရှိ ဥသျှစ်ကုန်းကျေးရွာ၌ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ငဝန်မြစ်ရေ တိုက်စားမှုကြောင့် အဆိုပါကျေးရွာ၌ ကမ်းပြိုမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယခုနှစ်တွင် ယခင်ကထက် အခြေအနေ ပိုမိုဆိုးဝါးလာသဖြင့် စိုးရိမ်စရာ အခြေအနေ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“ကမ်းပြိုတာ သုံးနှစ်ရှိပါပြီ။ သုံးနှစ်မှာ အိမ်ခြေပေါင်း ၂၀၀ ကျော်လောက် ရွှေ့ပြောင်းလိုက်ရတယ်။ ဒီနှစ်က အဆိုးရွားဆုံးပါပဲ။  ဒီနှစ်မှာဆိုရင် အိမ်ခြေ ၇၀ ကျော်လောက် ရွှေ့ပြောင်းလိုက်ရတယ်။ သာသနာ့ အဆောက်အအုံတွေလည်း ပါသွားပြီ။ ဘုရားကြီးလည်း ပါသွားပြီ။ ကျေးလက်ဆေးပေးခန်း ဆိုရင်လည်း ကမ်းပါးနဲ့ နီးလာတဲ့အတွက် ဖျက်ရွှေ့လိုက်ရပြီ။ ဆုံးရှုံးနစ်နာမှုတွေက တော်တော်များနေပါတယ်။ တစ်ခါပြိုရင် ပေ ၅၀ လောက် ပြိုတယ်။ ဒီနှစ်ပိုင်းမှာဆို ပေ ၆၀၀ လောက်ပါသွားပြီ။ အခုအဆောက်အအုံတွေ၊ အိမ်ခြေတွေ ဆိုရင်လည်း ဆက်လက် ရွှေ့ပြောင်းရဖို့တွေ ရှိနေပါတယ်။ ပြိုဆဲပဲဖြစ်တဲ့အတွက် စိုးရိမ်ပူပန်ရတဲ့ အခြေအနေ ရှိနေပါတယ်” ဟု ဥသျှစ်ကုန်းကျေးရွာမှ ဒေသခံဦးစံဌေးက ပြောကြားသည်။

ကမ်းပြိုမှုကြောင့် အဆိုပါကျေးရွာရှိ စေတီတော် ရေခသွားပြီဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိ သာသနိက အဆောက်အအုံများလည်း အရေးပေါ် ဖျက်ရွှေ့ထားရကြောင်း သိရသည်။

ဟင်္သာတမြို့နယ် ဥသျှစ်ကုန်းကျေးရွာ ကမ်းပြိုမှုဖြစ်ပွားစဉ်

“လူနေအိမ်တွေတင် မဟုတ်ဘူး။ သာသနိက အဆောက်အအုံတွေလည်း ဖျက်ရွှေ့နေရတာကြောင့် ဒုက္ခရောက်နေပါတယ်။ ပထမဦးဆုံး ရွာကျောင်း ကျောင်းတိုက်ကဘုရားကြီး ရေခသွားတယ်။ ကျောင်းဆောင်တွေလည်း အားလုံးဖျက်လိုက်ရတယ်။ မြေနေရာလည်း မရှိတော့ဘူး။ ဦးပဉ္ဇင်းတို့ တောကျောင်း ကျောင်းတိုက်မှာလည်း သာသနိက အဆောက်အအုံတွေ ဖျက်နေရပြီ။ မြစ်ကမ်းပါးက ပေ ၅၀ အတွင်း ရောက်လာပြီ။ ကျန်တဲ့ အဆောက်အအုံတွေလည်း ထပ်ဖျက်ရတော့မယ်။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းတွေ၊ ဒကာ၊ ဒကာမတွေ အနေနဲ့ ကူညီပံ့ပိုးပေးနိုင်မယ်ဆိုရင် ဦးပဉ္ဇင်းတို့ရွာကိုလာပြီး သာသနိက အဆောက်အအုံတွေကို ကူညီပံ့ပိုးပေးပါ၊ ဝိုင်းဝန်းကူညီပေးကြပါလို့ ဦးပဉ္ဇင်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တောကျောင်း ကျောင်းတိုက်မှ ဦးပဉ္ဇင်း ဦးသောဘိတက မိန့်ကြားသည်။

ကမ်းပြိုမှု အခြေအနေမှာ ယခင်ကထက် ပိုမိုဆိုးရွားလာသဖြင့် ထိခိုက်ဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေး အတွက် နိုင်ငံတော်မှ မြစ်ကမ်းထိန်းလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။

“ငဝန်မြစ်မကြီးရဲ့ ဟိုဘက်ကမ်း အင်္ဂပူမြို့နယ် ကံဘက်အုပ်စုဘက်မှာ ချွန်းခံနေတဲ့အတွက် ဒီဘက်ကို ရေစွယ်ထိုးလို့ ကျွန်တော်တို့ ကျေးရွာမှာ ကမ်းပြိုမှုက တစ်နှစ်ထက်တစ်နှစ် ဆိုးလာတယ်။ နိုင်ငံတော်အနေနဲ့ မြစ်ကမ်းထိန်း လုပ်ငန်းတွေ၊ ရွာကိုကူညီပေးမှုတွေ ဆောင်ရွက်ပေးစေချင်ပါတယ်။ ဘယ်နှစ်မှာ လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်ပါတယ်” ဟု ဒေသခံဦးမောင်လှိုင်က ပြောကြားသည်။

လက်ရှိတွင် ရွာ၏ထက်ဝက်နီးပါး အိမ်ခြေများ ပြောင်းရွှေ့ထားရပြီး ကမ်းပြိုမှုများ ထပ်မံဆိုးရွားလာပါက စာသင်ကျောင်းနှင့် နေအိမ်များ၊ သာသနိက အဆောက်အအုံများ ထပ်မံထိခိုက်လာနိုင်သဖြင့် ပြောင်းရွှေ့ရန် မြေနေရာပင် အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent