<

ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်း 92 Ron တစ်လီတာ ကျပ် ၉၅၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၉၀ အထိ ရောက်ရှိလာပြီး ရက် ၁၀၀ ၀န်းကျင်အတွင်း ၁၃ ရာခိုင်နှုန်းခန့်အထိ မြင့်တက်

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

သြဂုတ်လ ၂၁ ရက်မှ ၂၈ ရက်အတွင်း ကမ္ဘာ့ရေနံဈေး တစ်စည်လေးဒေါ်လာခန့် မြင့်တက်မှုနှင့်အတူ ဒေါ်လာဈေးဆက်တိုက် ပြန်တက်လာကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ရက် ၁၀၀ ၀န်းကျင်အတွင်း တစ်လီတာ ကျပ် ၉၅-၁၀၅ ကြားဈေးတက်ခဲ့ပြီး မေ ၁၈ ရက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းကျော်မှ ၁၃ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၈ ရက်တွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ်သတ်မှတ်ထားသော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၈၀ (တစ်ဂါလန် ၄၄၄၉ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၉၉၀ (တစ်ဂါလန် ၄၄၉၄ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၅၀ (တစ်ဂါလန် ၄၃၁၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၁၀၀၀ ကျပ် (တစ်ဂါလန် ၄၅၄၀ ကျပ်) ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်န၀ါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ် လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက် တွင် ၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၂၈ ရက်တွင် ၆၉ ဒေါ်လာနီးပါးအထိ ပြန်တက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှစတင်၍ သိသိသာသာမြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက် တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကာ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၁၅၆၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ်အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု စက်သုံးဆီတင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ခြောက်ရာခိုင်နှုန်းကျော် လျော့နည်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော် အတွင်း ၁၆ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော သြဂုတ် ၂၄ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၃ ဒသမ ၆၈ ဒေါ်လာ၊ 95 Ron ၈၆ ဒသမ ၁၆ ဒေါ်လာ၊ ဒီဇယ် ၉၀ ဒသမ ၀၃ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၀ ဒသမ ၆၃  ဒေါ်လာတို့ ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၈ ရက်ဈေးနှုန်းနှိုင်းယှဉ်ပါက ၂၉ လ နီးပါးအတွင်း ဒီဇယ် ၉၆ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၈၃ ရာခိုင်နှုန်း၊ 92 Ron ၇၃ ရာခိုင်နှုန်း၊ 95 Ron ၅၄  ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

August 28, 2018














Copy Protected by Chetan's WP-Copyprotect.