ပွင့်လင်းစွာ ပြောရပါက တချို့သည် မိမိတို့အစိုးရအား မအောင်မြင်စေချင်ကြောင်းနှင့် အတိတ်ကိုကြည့်ကာ အငြိုးအတေးနှင့် ဆက်ဆံမည့်စိတ်မျိုး မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပွင့်လင်းစွာ ပြောရပါက တချို့သည် မိမိတို့အစိုးရအား မအောင်မြင်စေချင်ကြောင်းနှင့် အတိတ်ကိုကြည့်ကာ အငြိုးအတေးနှင့် ဆက်ဆံမည့်စိတ်မျိုး မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 28 August 2018

စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် တွေ့ဆုံနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ရစဉ်

ပွင့်လင်းစွာ ပြောရပါက တချို့သည် မိမိတို့ အစိုးရအား မအောင်မြင်စေချင်ကြောင်းနှင့် အတိတ်ကိုကြည့်ကာ အငြိုးအတေးနှင့် ဆက်ဆံမည့်စိတ်မျိုး မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

“ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တချို့က ကျွန်မတို့ အစိုးရကို မအောင်မြင်စေချင်ဘူးပေါ့နော်။ ဒီလိုစိတ်မျိုးတွေ မထားပါနဲ့။ ဒါကျွန်မတို့ အစိုးရအောင်မြင်ဖို့ လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအောင်မြင်ဖို့အတွက် လုပ်နေတာပါ။ နိုင်ငံအောင်မြင်ရင် ကျွန်မတို့အစိုးရက အောင်မြင်မှာပါ။ နိုင်ငံတော် မအောင်မြင်ဘဲနဲ့ အစိုးရတစ်ခု အောင်မြင်တယ်လို့ ဘယ်တော့မှပြောလို့ မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ MICC -1 တွင် သြဂုတ် ၂၇ ရက်က ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရ မအောင်မြင်အောင် လုပ်ခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံကို မအောင်မြင်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အောင်မြင်ခြင်းသည် အစိုးရအဖွဲ့ဝင်များ ချမ်းသာလာခြင်းကို ပြောသည် မဟုတ်ဘဲ ပြည်သူလူထု ချမ်းသာလာခြင်းကို ပြောခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၎င်းက “ ကျွန်မတို့နိုင်ငံ အောင်မြင်ဖို့အတွက် ဝိုင်းပြီးတော့ ကူညီကြပါ။ ကျွန်မတို့ဟာ အတိတ်ကိုကြည့်ပြီးတော့ ဘယ်သူ့ကိုတော့ ဘယ်လိုအငြှိုးအတေးနဲ့ ဆက်ဆံမယ်ဆိုတဲ့ စိတ်မျိုးလည်း မရှိပါဘူး။ ကျွန်မတို့ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောမှ ဒီကိစ္စကို ကျွန်မတို့ရှင်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရဟာ ဘယ်စီးပွားရေး လုပ်ငန်းရှင်ကိုမှ အတိတ်က ကိစ္စတွေကိုပဲ ကြည့်ပြီးတော့ တွန်းသတ်တာ မရှိပါဘူ။ အတိတ်က အတိတ်ပဲ။ ပစ္စုပ္ပန်က အရေးကြီးဆုံးပဲ။ အခုပစ္စုပ္ပန် ဘယ်လိုလုပ်နေကြလဲ။ ဘယ်ကို ဦးတည်နေကြလဲ။ နိုင်ငံ တိုးတက်ရေးအတွက် ဘာတွေ ထောက်ပံ့နိုင်ကြလဲ။ အဲဒါကို ကျွန်မတို့ အဓိကကြည့်ရမှာ” ဟု ဆက်လက် ပြောကြားသည်။

နိုင်ငံ၏ လူအင်အား၊ ဉာဏ်အင်အား၊ ဥစ္စာအင်အား တိုးတက်စေရန် စီးပွားရေး လုပ်ငန်းရှင်များ ကူညီပေးစေလိုကြောင်း၊ မည်သည့်ပုံစံဖြင့် ကူညီရမည်ကို ရှင်းရှင်းလင်းလင်း သိနိုင်ရန်အတွက် အစိုးရအနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံချက်၂၀၁၈-၂၀၃၀ သို့ မှန်းထားကြောင်း၊ ယင်းစီမံချက်သည် တနိုင်ငံလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ဟန်ချက်ညီပြီး တိုးတက်ရန် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“ကျွန်မတို့နိုင်ငံမှာဆိုရင် မလိုအပ်တဲ့ ကြိုးနီစနစ်တွေ ရှိတယ်။ လုပ်ရတဲ့ အဆင့်တွေက သိပ်များတယ်ဆိုပြီးတော့ UMFCCI ကလည်း မကြာခင်က တင်ပြတဲ့အထဲမှာ ဒါလည်းပါပါတယ်။ မြန်မြန်ဆန်ဆန် အလုပ်တစ်ခုကို ပြီးမြောက်နိုင်အောင်လို့ လုပ်ပေးဖို့ဆိုပြီး တင်ပြတာတွေ ပါပါတယ်။ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ MIC ကနေပြီးတော့ မြန်မြန်ဆန်ဆန် အလုပ်တွေပြီးနိုင်ဖို့အတွက်ကို အထူးအလေးထားပြီးတော့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်။ အရင်တုန်းကလို ကိစ္စတစ်ခုကို အကြာကြီး စောင့်ရတာမျိုး မဟုတ်ဘဲနဲ့ မလိုအပ်တဲ့ အဆင့်တွေကို ပိတ်ဆို့မှုတွေ မဖြစ်အောင်လို့ ကျွန်မတို့ ဒါတွေကိုလည်း စီစဉ်နေပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ဘယ်နေရာမှာတော့ အတစ်အဆို့တွေ ဖြစ်နေပါတယ် ဆိုတာကို ကျွန်မတို့ကိုလည်း အသိပေးခြင်းအားဖြင့် ကူညီပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ “စီးပွားရေး လုပ်ငန်းရှင်တွေ ချမ်းသာတာကို ကြိုက်ပါတယ်။ ချမ်းသာတဲ့ ပုဂ္ဂိလ်များ ကျွန်မတို့နိုင်ငံမှာရှိမှ ကောင်းမှာပါ။ တိုးတက်ပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဆို ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရှိဖို့ လိုအပ်ပါတယ်။ တချို့စီးပွားရေး လုပ်ငန်းရှင်တွေဟာ ခရိုနီဆိုတဲ့ စကားကို ကြားကို မကြားချင်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မပြောဖြစ်လို့ ပြောလိုက်ဦးမယ်။ ခရိုနီ၊ ခရိုနီ ဆိုပြီးတော့ လက်ညှိုးထိုးတာတွေ ရှိပါတယ်။ ကျွန်မက ဒီလိုဟာမျိုးကို မကြိုက်ပါဘူး။ ဖြစ်ပြီးတာတွေက ဖြစ်ပြီးပြီပေ့ါ။ နောက်ပြီးကျတော့လည်း ဘယ်တော့မဆို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးဆိုတာ ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ နောက်ဆုံးကျတော့ ကိုယ့်နိုင်ငံ တိုးတက်ဖို့ကို ပြောတာ။ အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ လုပ်ဖို့လိုပါတယ်။ ခရိုနီတွေ၊ ခရိုဝါတွေ အရောင်မျိုးစုံ ဘာမှ ကျွန်မတို့ ပြောနေစရာ မလိုဘူး။ ကျွန်မတို့ ဒီအချိန်မှာ ရှေ့ကိုတက်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ယုံယုံကြည်ကြည်နဲ့ တစ်ယောက်အပေါ် တစ်ယောက် သစ္စာစောင့်ပြီးတော့ ကျွန်မတို့ လက်တွဲပြီးတော့ လုပ်သွားမယ်ဆို မတိုးတက်နိုင်စရာ အကြောင်းမရှိဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

တင်ဒါကိစ္စနှင့်ပတ်သက်၍ မမှန်မကန် လုပ်မှုများရှိနေခြင်းသည် လာဘ်ပေးလာဘ်ယူနှင့် ဆက်နွှယ်နေကြောင်း၊ နိုင်ငံတွင် စီမံကိန်းများ ပြီးသင့်သည့်အချိန်တွင် မပြီးရသည့် အကြောင်းရင်းသည် တင်ဒါကိစ္စ နှေးကွေးနေခြင်း ဖြစ်ကြောင်း၊ အစိုးရဘက်မှ ဝန်ကြီးဌာနနှင့် အစိုးရဘက်မှ တင်ဒါလုပ်ငန်းများ မြန်မြန်ဆန်ဆန် ပြီးမြောက်ရေးကို ဦးစားပေး ဆောင်ရွက်နေပြီး ကျစ်လျစ်ခိုင်မာစေကာ ပြီးပြည့်စုံရန်အတွက် ညွှန်ကြားချက်များ ထုတ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

“စီးပွားရေး လုပ်ငန်းရှင်များဟာ ကျွန်မတို့ကို ကူညီစေချင်ပါတယ်။ မမှန်မကန် လုပ်နေတာတွေ ရှိလို့ရှိရင် မကျေမနပ်ဖြစ်နေရုံနဲ့ မပြီးပါဘူး။ကျွန်မတို့ကို အသိပေးပါ။ ဘယ်သူဘယ်သူ။ ဘယ်ဌာနက ဘယ်လို ဘယ်လိုလုပ်ပါတယ် ဆိုတာ တိတိကျကျ အသိပေးပါ။ ကျွန်မတို့စပြီးတော့ အရေးယူရမှာပဲ။ ဒီလိုအရေးယူလိုက်ပြီဆိုရင် ဒါကြီးက တဖြည်းဖြည်း ပျောက်သွားမှာပါ။ တဖြည်းဖြည်း မဟုတ်ဘူး။ ကျွန်မက မြန်မြန် ပျောက်သွားစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Most Read

Most Recent