<

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ Facebook အကောင့်နှင့် Page များ ဖြုတ်ချခံရမှုတွင် အစိုးရ၏ သဘောထားနှင့် အစိုးရဖွဲ့စည်းထားသည့် (SMMT) မပါဝင်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး စသည်တို့၏ Facebook အကောင့်နှင့် Page များ ဖြုတ်ချခံရမှုတွင် အစိုးရ၏ သဘောထားနှင့် အစိုးရ ဖွဲ့စည်းထားသည့် (SMMT) မပါဝင်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

Facebook မှ သြဂုတ် ၂၇ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော်၏ မြ၀တီရုပ်မြင်သံကြားကွန်ရက် အပါအ၀င် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့အား ပိတ်ပင်လိုက်ကြောင်း Facebook က ထုတ်ပြန်ခဲ့သည်။

“ Senior General Min Aung Hlaing ပေါ့။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Page အပါအ၀င်ကျန်တဲ့ Page တွေ ဖြုတ်ချခံရခြင်းကိစ္စနဲ့ ပတ်သက်လို့ Facebook က ထုတ်ပြန်ထားတဲ့ အတိုင်းဖြစ်ပါတယ်။ ဒီပေါ်မှာအစိုးရရဲ့ Import (အတွေး အခေါ်) လုံးဝ တစ်စုံတစ်ရာ မပါပါဘူး။ အစိုးရ ဖွဲ့စည်းထားတဲ့ SMMT အဖွဲ့ အဲဒါလည်း မပါဘူး။ ဒါကိုတော့ အတိအလင်း ပြောချင်ပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် Facebook သို့ ဆက်သွယ် မေးမြန်းနေကြောင်း ဦးဇော်ဌေးက ဆိုသည်။

“ ဒီဖြစ်ရပ် အကြောင်းတွေပေါ့နော်။ Community Standard ကတော့ တန်းတူညီမျှတော့ ဖြစ်ရမယ်ပေါ့နော်။ သူတို့ Page တွေ အများကြီး ဖြစ်သွားတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေကလည်း အများကြီး မြင့်တက်နေတယ်။ မြင့်တက်တဲ့ အပေါ်မှာလည်း အစိုးရအနေနဲ့ Facebook ကို ပြန်ပြီးတော့ အကြောင်းအရင်း တိတိကျကျ သိချင်တယ်။ ဒါတွေကိုသူတို့ Page တွေ ပြန်ရအောင် ဘယ်လိုလုပ်မလဲ၊ သူတို့ Page အသစ်ဖွင့်ရင်ရော ဒီအတိုင်းပဲ ဖြုတ်ချမှာလား၊ ဒီအပေါ်မှာတော့ Facebook နဲ့ ဆက်ပြီးတော့ ဆွေးနွေးနေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အစိုးရအနေဖြင့် Facebook နှင့် MoU ရေးထိုးနိုင်ရန် ညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့သည့်အတွက် အစိုးရနှင့် Facebook Team အကြား သဘောတူညီချက်ရရှိ နိုင်ရန် ဆွေးနွေးသွားရန် ရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

August 28, 2018














Copy Protected by Chetan's WP-Copyprotect.