အခွန်နှုန်း လျှော့ချမှုကြောင့် အခွန်ရရှိမှု လျော့ကျပါက မိမိ၏ စည်းစိမ်မှ စိုက်လျော်မည်ဟု MCEA ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေး

အခွန်နှုန်း လျှော့ချမှုကြောင့် အခွန်ရရှိမှု လျော့ကျပါက မိမိ၏ စည်းစိမ်မှ စိုက်လျော်မည်ဟု MCEA ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေး
Published 28 August 2018

အခွန်နှုန်း လျှော့ချမှုကြောင့် အခွန်ရရှိမှု လျော့ကျပါက မိမိ၏ စည်းစိမ်မှ စိုက်လျော်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA) ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ် ၂၇ ရက်တွင် ကတိပေး ပြောကြားသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက သြဂုတ် ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် အခွန်ကင်းလွတ်ခွင့်များနှင့် ပတ်သက်ပြီး စီးပွားရေး ပညာရှင်များ က အခွန်ကင်းလွတ်ခွင့်မှာ နိုင်ငံ့စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူ မဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့မှုအပေါ် အခွန်နှုန်း လျှော့ချမှုကြောင့် အခွန်ရရှိမှု လျော့ကျပါက မိမိ၏ စည်းစိမ်မှ စိုက်လျော်မည်ဟု ကတိပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တောင်းဆိုနေသည်မှာ ဝယ်ယူသူအတွက်သာ ဖြစ်ကြောင်းနှင့် အစိုးရက ဖြေလျှော့ပေးစေလိုကြောင်း ဦးရှိန်ဝင်းက ဆိုသည်။

“အာမခံပြီးတော့ ကျွန်တော် ပြောချင်ပါတယ်။ စီးပွားရေးပညာရှင် တချို့က အခွန်လျှော့တာကို လက်မခံဘူးဆိုရင် ကျွန်တော် ဒီနေ့ အသင်းကိုယ်စား အာမခံပါတယ်။ ၂၀၁၆ ခုနှစ်မှာ အခြေပစ္စည်းကရတဲ့ အခွန်အခ လိုင်းတားလိုက်ပါ။ ပေါင်းထားပါ။ ဒုတိယ ၂၀၁၇ ခုနှစ်မှာ အခြေပစ္စည်းကရတဲ့ တိုက်ခန်းတွေက ရတဲ့ငွေ အခွန်အခရတဲ့ငွေ လိုင်းတားလိုက်ပါ။ ၂၀၁၈ မှာ ရမယ့်ငွေ လိုင်းတားလိုက်ပါ။ ကျွန်တော်တို့ အခွန်နှုန်းတွေ ဝယ်ယူသူတွေအတွက် လျှော့ပြီးမှ ၂၀၁၉ ခုနှစ်မှာ အကယ်၍များ ၂၀၁၈ ထက်ကို ကျသွားမယ်ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာငွေအားလုံးကို ကျွန်တော်တို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်အသင်းဥက္ကဌ တစ်ယောက်အနေနဲ့ ကျွန်တော်တို့အားလုံး စုပေါင်းပြီးတော့ ဖြည့်တင်းပြီးတော့ လျော်ပါမယ်။ မှတ်ထားပါ။ ဘယ်သူမှ မလျော်ဘူးဆိုရင် ကျွန်တော် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ နိုင်ငံအတွက် အသင်းအတွက် ကျွန်တော့်ရှိတဲ့ စည်းစိမ်တွေကို စိုက်ပြီးတော့ နိုင်ငံတော်ကို ပေးသွင်းလိုက်မှာ ဖြစ်ပါတယ်” ဟု ဦးရှိန်ဝင်းက ဆိုသည်။

ဦးရှိန်ဝင်း၏ ပြောစကားကို ကတိကဝတ်အနေဖြင့် မှတ်ထားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားသည်။

“ကျေးဇူးတင်ပါတယ်။ မှတ်ထားလိုက်မယ်နော်။ အဲဒီလိုပေါ့နော် ကျွန်မတို့ အခွန်အခတွေနဲ့ ပတ်သက်လို့ အခြားကိစ္စတွေလည်း ပါတာပေါ့။ ကွန်ဒိုမီနီယံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အားတက်တဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ငါးနှစ်လုံးလုံး ရုံးကန်ရကျိုး နပ်တယ်လို့ ကျွန်မတို့ ဒီလိုပဲ သုံးသပ်ပါရမှာ ဖြစ်ပါတယ်။ အခွန်နဲ့ ပတ်သက်လို့တော့ နိုင်ငံတစ်နိုင်ငံက အခွန်ကောက်တယ် ဆိုတာ ဘာကြောင့်ကောက်လဲ ဆိုတာကတော့ အားလုံးကတော့ သိပြီးသားလို့ ထင်ပါတယ်။ ကျွန်မထပ်ပြီးတော့ ပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ သိက္ခာရှိရှိနဲ့ ရပ်တည်ဖို့ဆိုရင် အခွန်အနေနဲ့ ပြည်သူအတွက် သုံးပေးဖို့အတွက် ရှိဖို့လိုပါတယ်။ အခွန်တွေ ကောက်တယ်ဆိုတာဟာ အစိုးရအတွက် မဟုတ်ပါဘူး။ အစိုးရဝန်ကြီးတွေ အတွက်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံအတွက် ပြန်ပြီးတော့ သုံးဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခွန်တွေ ကောက်တယ်ဆိုတာဟာ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ကျွန်မတို့ရဲ့ ပြည်သူတွေကို ဒဏ်ပေးချင်လို့လည်း မဟုတ်ပါဘူး။ ပြည်သူများရော စီးပွားရေး လုပ်ငန်းရှင်များရော ချွေးနှဲစားနဲ့ ရထားတဲ့ ငွေတွေကနေ ဖြတ်ယူချင်လို့ မရပါဘူး။ နိုင်ငံအတွက် သုံးဖို့ပါ။ ဒါကြောင့်မို့ အခွန်နဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့နိုင်ငံတင် မဟုတ်ဘူး နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ စကားပြောစရာ အများကြီးဖြစ်လာပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံ့အသုံးစရိတ်အား အခွန်ကောက်ခံရရှိမှုမှသာ အသုံးပြုမည်ဖြစ်ပြီး သယံဇာတ ရောင်းချပြီး နိုင်ငံအသုံးစရိတ်အား ရှာဖွေမည် မဟုတ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

“ အခွန်အကောက်တွေ မရှိဘဲ ရှိတဲ့ သယံဇာတတွေကို ရောင်းချပြီး ငွေရှာတဲ့ကိစ္စမျိုး ကျွန်မတို့ မလုပ်ချင်ဘူး။ တည်ငြိမ်တဲ့ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မှု ရေရှည်ခိုင်မာဖို့ နိုင်ငံတစ်ခုဆိုလို့ရှိရင် အခွန်အကောက်တွေဟာ နိုင်ငံအသုံးစရိတ်အတွက် လုံလုံလောက်လောက်ရှိဖို့ဟာ အင်မတန်မှ လိုပါတယ်။ အဲဒီဟာတွေအတွက်လည်း ကျွန်မတို့ စီးပွားရေးလုပ်ငန်းရှင်များ အားလုံး ဝိုင်းပြီးတော့ ကူညီပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မို့ မလိုအပ်ဘဲနဲ့ ကျွန်မတို့အခွန်တွေ မကောက်ချင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Most Read

Most Recent