ထားဝယ်-ရေဖြူ 11 KV ဓာတ်အားလိုင်း လမ်းပေါ်ပြတ်ကျရာ ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်မှုမရှိခဲ့

ထားဝယ်-ရေဖြူ 11 KV ဓာတ်အားလိုင်း လမ်းပေါ်ပြတ်ကျရာ ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်မှုမရှိခဲ့
Published 28 August 2018

ဓာတ်ကြိုးပြုတ်ကျမှုကြောင့် ဆိုင်ကယ်မီးလောင်မှုဖြစ်ပွားနစဉ် Photo: Thein Zaw Oo

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကျောက်ကညာရွာတွင် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ထားဝယ်-ရေဖြူ 11 KV ဓာတ်အားလိုင်း လမ်းပေါ်ပြတ်ကျမှုကြောင့် ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကျောက်ကညာရွာရှိ ရန်ကုန်-ထားဝယ် အဝေးပြေးလမ်းနှင့်အပြိုင် သွယ်တန်းထားသော 11 KV ဓာတ်အားလိုင်းမှာ ကြွေသီးကွဲ၍ လမ်းပေါ်သို့ ပြတ်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ဓာတ်အားလိုင်း ပြတ်ကျမှုကြောင့် အနီးရှိ ဆိုင်ကယ်တစ်စီး မီးလောင်ကျွမ်းခံခဲ့ရပြီး ယင်းဆိုင်ကယ်ကို ဌာနမှ တာဝန်ယူ ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

“ကျွန်တော်တို့အဲဒီမှာ ဆိုင်ကယ်ကို ဝပ်ရှော့အပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ ပြန်လုပ်ပေးဖို့ပြောထားပြီးပါပြီ။ ပြတ်တဲ့ကြိုးက 11 KV ရေဖြူလိုင်းပေါ့။ ကာဗာမပါတဲ့ လိုင်းပေါ့။ ဒီဘက်က ပင်လယ်နဲ့ နီးတော့ ဆားငန်မိတယ်။ နောက် မိုးကလည်း ရွာလိုက် တိတ်လိုက် နေပူလိုက် ဆိုတော့လေ၊ အဲဒီမှာကြွေသီးက နည်းနည်းလေး အားနည်းပြီး ကြွေသီးကွဲပြီးတော့ တိုင်တွေပြုတ်ပြီး တန်းပေါ်ကျတာပေါ့။ တန်းပေါ်ကျပြီးတော့ တန်းနဲ့ကြိုးက ရိုက်ပြီးတော့ ပြတ်ကျသွားတာပေါ့။ အခုတော့ ပြန်ပြင်ထားပြီးပြီ၊ လူထိခိုက်မှု မရှိဘူး။ ဆိုင်ကယ်တစ်စီးတည်း ရှေ့နောက် တာယာတွေ လောင်သွားတာပေါ့” ဟု ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာဖြစ်သူ ကိုရဲမင်းထက် ကပြောကြားသည်။

ပြတ်ကျမှု ဖြစ်ပွားခဲ့သည့် 11 KV ဓာတ်အားလိုင်းမှာ လမ်းမနှင့် လူနေအိမ်များ အကြားသို့ ပြတ်ကျခဲ့သဖြင့် ဒေသခံများ ထိတ်လန့်မှုဖြစ်ခဲ့ပြီး ဓာတ်ကြိုး ပြတ်ကျချိန်တွင် လမ်းသွားလမ်းလာများ ထိခိုက်မှု မရှိခြင်းမှာ ကံကောင်းထောက်မ၍ ဖြစ်ကြောင်း၊ ယင်းကြိုးများမှာ ကာဗာကြိုး မဟုတ်သောကြောင့် အလွန်အန္တရာယ်များပြီး 11 KV လိုင်းတစ်ခုအနေဖြင့် ယင်းသို့ ပြတ်ကျခဲ့ခြင်းအပေါ် အသုံးပြုထားသည့် လျှပ်စစ်ကြိုးများ၏ အရည်အသွေးကို မေးခွန်းထုတ်စရာ ဖြစ်ရသည်ဟု ဒေသခံများအကြား ဝေဖန်မှုရှိခဲ့သည်။

“လူတွေ စိုးရိမ်နေတာ အခုမှ မဟုတ်ပါဘူး။ အဲဒီလို ဓာတ်ကြိုး ပြတ်ကျလို့ပြန် လျော်ပေးတယ် တာဝန်ယူတယ် ဆိုတာက နောက်မှပါ။ လူ့အသက်အန္တရာယ် ထိခိုက်မှု ဖြစ်နိုင်တာပေါ့။ ကြိုးလိုင်း တပ်ဆင်သူတွေနဲ့ ဆိုင်မယ်လို့ ထင်တယ်။ လူနေအိမ်တွေနဲ့ နီးတဲ့နေရာတွေဆို ပိုပြီး စိုးရိမ်စရာကောင်းတာပေါ့။ 11 KV ကြိုးတွေက ဒီလိုပြတ်ကျလို့ကို မရဘူး” ဟုထားဝယ် တက်ကြွလူငယ်တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ပြောကြားသည်။

ဇွန် ၁ ရက်ကလည်း ထားဝယ်မြို့ ရှမ်းမလည်ဆွဲရပ်ကွက် မျှော်အင်းလမ်းပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းတွင် လမ်းနံဘေးရှိ အုန်းပင်ပေါ်သို့တက်၍ အုန်းလက် တက်ခုတ်ရာမှ အနီးရှိ 33 KV (ထားဝယ်-သရက်ချောင်း) ဓာတ်အားလိုင်းပေါ်သို့ အုန်းလက် ပြုတ်ကျသဖြင့် ယင်းအုန်းလက်အား ဆွဲယူ ဖယ်ရှားရာမှတစ်ဆင့် လူတစ်ဦး ဓာတ်လိုက်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

ထားဝယ်ဒေသအတွင်း သွယ်တန်းထားသော ဓာတ်အားလိုင်းအများစုမှာ ကာဗာကြိုးများ မဟုတ်သည့်အပြင် လူနေအိမ်များ၊ လမ်းမ၊ သစ်ပင်များနှင့် နီးကပ်စွာ သွယ်တန်းထားသောကြောင့် မိုးရာသီ၌ လျှပ်စစ်အန္တရာယ် ကျရောက်နိုင်မှုအပေါ် ဒေသခံများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် လများအတွင်းက မြို့ပေါ်ရပ်ကွက်များအတွင်း သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းများပေါ်၌ မကြာခဏရှော့ဖြစ်၍ မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent