ကိုရီးယားအခြေစိုက် Daewoo နှင့် မြန်မာဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ် ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် MIC ခွင့်ပြု

ကိုရီးယားအခြေစိုက် Daewoo နှင့် မြန်မာဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ် ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် MIC ခွင့်ပြု
Published 28 August 2018

မြို့တွင်း ခရီးသည်တင် မော်တော်ယာဉ်များ ပြေးဆွဲနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကိုရီးယားအခြေစိုက် Daewoo နှင့် မြန်မာ ပူးပေါင်းကာ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေး စိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ်၂၅ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၁၈) အစည်းအဝေးမှ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့် သုံးခုနှင့် အတည်ပြုမိန့် နှစ်ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စာရင်းများအရ Daewoo Bus Myanmar Company Limited KOREA က ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ် ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းကို လည်းကောင်း၊ Yangon Golden Paragon Investment Co.,Ltd က ဖက်စပ်န နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာလမ်း၊ မြေကွက် အမှတ် (၁၅နှင့်၁၇) တွင် Construction, Operation and Leasing of Residence and Commercial Area ကိုလည်းကောင်း၊ Science and Tech International Myanmar University Co.,Ltd က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း ပညာရေးဝန်ဆောင်မှု လုပ်ငန်းကို လည်းကောင်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ Lashio Dragon Co.,Ltd က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးခရိုင်အတွင်း ဘီယာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို လည်းကောင်း၊ WKG Kossco Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် (တောင်ပိုင်း) အတွင်း Zinc Galvanizing and related business ကိုလည်းကောင်း လုပ်ငန်းလုပ်ကိုင်ရန် အတည်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော်အထိ ဝင်ရောက်ထားသော်လည်း ယခင်နှစ် ကာလတူတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ သြဂုတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅၃၅ ဒသမ ၅၂၅ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၉၆၆ ဒသမ ၅၇၅ သန်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွင်းတွင် သြဂုတ်လအထိ စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၇၁ ဒသမ ၁၀၀ သန်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှုစသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်း ဖြစ်သည်။

Most Read

Most Recent