ထိုင်း FDA က ခွင့်မပြုသဖြင့် ဂေါ်ဇီလာခြင်ဆေးခွေ ရောင်းချသည့် မဲဆောက်ရှိ ဈေးဆိုင်များကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီး

ထိုင်း FDA က ခွင့်မပြုသဖြင့် ဂေါ်ဇီလာခြင်ဆေးခွေ ရောင်းချသည့် မဲဆောက်ရှိ ဈေးဆိုင်များကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီး
Published 28 August 2018

အန္တရာယ်ရှိပြီး သုံးစွဲရန်မသင့်ဟု ထိုင်းနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ကန့်သတ် ပိတ်ပင်ထားသည့် မြန်မာနိုင်ငံထုတ် ဂေါ်ဇီလာခြင်ဆေးခွေများ ရောင်းချသော မဲဆောက်ဈေးရှိ ဆိုင်များအား တာဝန်ရှိသူများက သြဂုတ် ၂၇ ရက်တွင် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကြီးကြပ်ဖမ်းဆီးမှုကြောင့် မဲဆောက်ဈေးအတွင်းမှ ဂေါ်ဇီလာခြင်ဆေးခွေအချို့ကို ဖမ်းဆီးရမိခဲ့ပြီး တင်သွင်း ရောင်းချသူများကို ဆက်လက် ဖော်ထုတ်အရေးယူမည်ဟု သိရသည်။

မြန်မာနိုင်ငံထုတ် ခြင်ဆေးခွေများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားအများအပြား သုံးစွဲကြသည့်အတွက် ဈေးကွက်ဝင်လျက် ရှိကြောင်း မြန်မာအလုပ်သမားအချို့၏ ပြောကြားချက်အရ သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဂေါ်ဇီလာခြင်ဆေးအနံ့ကြောင့် အိမ်မွေးခွေးငယ်အချို့ သေဆုံးခဲ့ပြီး လူကိုယ်တိုင်ပါ မူးဝေအော့အန်မှုများ ဖြစ်စေကာ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရသည့် သတင်းတစ်ရပ် ထိုင်းသတင်းဌာနအချို့နှင့် လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည်ဟု ထိုင်းအခြေစိုက် သတင်းထောက်တစ်ဦး ဖြစ်သူ ဖိဂျိုးက ပြောကြားသည်။

ဘန်ကောက်နှင့် ထိုင်းနိုင်ငံမြို့များသို့ တင်ပို့မည့် ဂေါ်ဇီလာခြင်ဆေးခွေများ အပါအဝင် တရားမဝင် မြန်မာလူသုံးကုန်ကို သက်ဆိုင်ရာမှ မကြာခဏ ဖမ်းဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာခြင်ဆေးခွေများ အဓိကဝင်လမ်းဖြစ်သည့် မဲဆောက်မြို့ အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းရှိ မြန်မာလူသုံးကုန် စားသောက်ကုန် ရောင်းချနေသည့် ဈေးများသို့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဂေါ်ဇီလာခြင်ဆေးခွေ လုပ်ငန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

Most Read

Most Recent