ဧရာဝတီတိုင်းရှိ ကြိုးတံတား ငါးစင်းအနက် အန္တရာယ်ရှိ ကြိုးတံတား လေးစင်းကို ကြိုးတံတားအဆင့်မှ သံပေါင် ကွန်ကရစ်တံတား အမျိုးအစားအဖြစ် အဆင့်မြှင့်တင်မည်

ဧရာဝတီတိုင်းရှိ ကြိုးတံတား ငါးစင်းအနက် အန္တရာယ်ရှိ ကြိုးတံတား လေးစင်းကို ကြိုးတံတားအဆင့်မှ သံပေါင် ကွန်ကရစ်တံတား အမျိုးအစားအဖြစ် အဆင့်မြှင့်တင်မည်
Published 28 August 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား ငါးစင်းအနက် အန္တရာယ်ရှိ ကြိုးတံတားများဖြစ်သည့် ပင်လယ်လေးလပွတ္တာကြိုးတံတား၊ ရွှေလောင်းကြိုးတံတား၊ ဝါးခယ်မကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားတို့အား အသစ်ထပ်မံ တည်ဆောက်ခြင်း မဟုတ်ဘဲ လက်ရှိ ကြိုးတံတားများကို သံပေါင်ကွန်ကရစ်တံတား အမျိုးအစားများအဖြစ် အဆင့်မြှင့်တည်ဆောက်ခြင်းကို လာမည့် ဘဏ္ဍာနှစ်တွင် စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရ၏ အစီအမံဖြင့် တိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ ကြိုးတံတား လေးစင်းအား ယခုအသုံးပြုနေရသည့် ကြိုးတံတားပုံစံမှ လိုအပ်သည့် ချဉ်းကပ်တိုင်များ ထပ်မံ တည်ဆောက်ကာ သံကူကွန်ကရစ် အမျိုးအစား သို့မဟုတ် ဘေလီ သံပေါင်ဆွဲ တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ဒီဇိုင်းများ ရေးဆွဲနေကြောင်း၊ တံတားများ ပြုပြင် တည်ဆောက်နေစဉ်အတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးမည် ဖြစ်ပြီး တံတား အဆင့်မြှင့်တည်ဆောက်ချိန်မှာ တစ်နှစ်ကြာမြင့်မည် ဖြစ်ကြောင်း၊ အန္တရာယ်ရှိ ကြိုးတံတား လေးစင်းအနက် လပွတ္တာပင်လယ်လေးကြိုးတံတားကို စတင်ကာ တည်ဆောက်သွားရန် လုပ်ဆောင်နေပြီး ဇက်ဆိပ်များ တည်ဆောက်ရန် နေရာနှင့် ဇက်ဆင်းလမ်းများကိုပါ ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်းထဲမှာ အဓိကအရေးကြီးတဲ့ ကြိုးတံတား လေးစင်းပေါ့နော်။ အဲဒီလေးစင်းက ရွှေလောင်း၊ ဝါးခယ်မ၊ ကျွန်းကုန်း၊ လပွတ္တာပင်လယ်လေး ကြိုးတံတားရှိမယ်။ အဲဒီမှာ အဓိက အရေးကြီးဆုံးက ပင်လယ်လေးကြိုးတံတား၊ ပြည်ထောင်စုဝန်ကြီး ခရီးစဉ်မှာ ကျွန်တော်လည်း လိုက်ပြီးတော့ တံတားတွေကို လိုက်ကြည့်တယ်၊ ဒီတံတားတွေကို အသစ်ဆောက်မယ်ဆိုတဲ့ နေရာမှာ ဒီဟာကြီးကို ဖျက်ပြီးတော့ အသစ်ဆောက်လိုက်ရင် ဘတ်ဂျက် ကုန်ကျစရိတ် များမယ်။ ပြည်ထောင်စုဝန်ကြီးကလည်း အဲဒီအပေါ်မှာ အခြားနည်းနဲ့ စဉ်းစားတယ်။ တခြားနည်းနဲ့ ဘယ်လိုစဉ်းစားလဲ ဆိုတော့ လက်ရှိ ကြိုးတံတားကိုပဲ သံကူကွန်ကရစ်ပုံစံမျိုး သံပေါင် ဘေလီတံတားမျိုး ဖြစ်အောင် လုပ်ဖို့ဆိုရင် အောက်ကနေပြီးတော့ ဟိုဖက်ကမ်း ဒီဖက်ကမ်းပေါ့နော်။ နှစ်ဖက်ကို ဒီဇိုင်းတွေကို အသေအချာ တွက်ချက်ပြီး တိုင်နှစ်တိုင် တက်လာမယ်။ တက်လာပြီးတော့ ထောက်လိုက်မယ်ဆိုရင် ကြိုးတံတားပုံစံ မဟုတ်တော့ဘဲနဲ့ ရိုးရိုးတံတား ပုံစံမျိုးဖြစ်လာအောင် ကြိုးစားပြီး လုပ်တာပေါ့။ ပိုက်ဆံကုန်ကျမှုလည်း နည်းအောင် မြန်မြန်လည်း ပြီးအောင်ပေါ့ ။ဘာလို့လဲဆိုတော့ ချဉ်းကမ်းလမ်းတွေ ရှိပြီးသားဆိုတော့ အဲဒါတွေကို ပြန်အသုံးချလိုက်ရင် ဘဏ္ဍာရန်ပုံငွေလည်း နည်းပြီးတော့ အချိန်လည်းတိုမယ်။ သို့သော်လည်းပဲ အဲ့လိုမျိုးပြန်ပြီးတော့ အဆင့်မြှင့်နေတဲ့အချိန်မှာ ဒီတံတားကို သုံးလို့တော့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကရိန်းတွေ ဘာတွေနဲ့ လုပ်ရမှာဖြစ်တဲ့အတွက် အချိန်ကာလကလည်း တံတားတစ်စင်းကို ပြန်ပြင်မယ်ဆိုရင် တစ်နှစ်လောက် ကြာမယ်။ တစ်နှစ်လောက် ကြာတဲ့အချိန်တွင်းထဲမှာတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့အတွက်ကို ကျွန်တော်တို့က ဇက်စီစဉ်ဖို့ လုပ်ရမှာပေါ့။ တံတားဒီဇိုင်း ရေးဆွဲတာမှာလည်း ဇက်လမ်းကြောင်းကအစ စဉ်းစားပေးထားတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ စလုပ်ဖို့ ဘတ်ဂျက်လည်း လျာထားပါပြီ။ တံတား အားလုံးထဲမှာ ပင်လယ်လေးတံတားကို အရင်ဆုံး စလုပ်ပါ့မယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ကြိုးတံတားများ အဆင့်မြှင့်တင် တည်ဆောက်နေချိန်တွင် အချို့သော မြို့နယ်များမှ ရန်ကုန်မြို့သို့ ကုန်စည်ပို့ဆောင် သွားလာရာတွင် ဇက်တစ်ကြိမ်နှင့်အထက် ကူးသန်းရမည့် မြို့များ ပါဝင်နေသောကြောင့် မြို့နယ်များ၏ ကုန်စည်စီးဆင်းမှု ခရီးသွားလာမှုများ ကြန့်ကြာမှုများ မဖြစ်ပွားစေရန် ယခင်အချိန်များကဲ့သို့ ခရီးသည်တင် ရေယာဉ်သင်္ဘောများ ယာယီပြန်လည် ပြေးဆွဲပေးရန် လိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

Most Read

Most Recent