နှစ် ၃၀ ပြည့် လူထု ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပနေစဉ် ဖမ်းဆီးခံခဲ့ရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူကို ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲဆို

နှစ် ၃၀ ပြည့် လူထု ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပနေစဉ် ဖမ်းဆီးခံခဲ့ရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူကို ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲဆို
Published 28 August 2018

သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် တရားရုံး ရုံးထုတ်တွင် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းကို တွေ့ရစဉ်

နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ် ရှစ်လေးလုံး လူထု ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို မန္တလေးမြို့ရှိ ဓမ္မသာလခန်းမတွင် သြဂုတ် ၈ ရက်က ပြုလုပ်နေစဉ် မြေယာအရေး တက်ကြွလှုပ်ရှားနေသူ တစ်ဦးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ရာကြီးအမှုများဖြင့် တရားစွဲဆိုထားသည့်အပြင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ထပ်မံအမှုဖွင့် တရားစွဲဆိုခြင်း ခံထားရကြောင်း သိရသည်။

မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းကို ၂၀၁၆ ခုနှစ်က ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေရှိ စစ်မှုထမ်းဟောင်း လေ့ကျင့်ရေး သင်တန်းကျောင်းက သိမ်းဆည်းထားသည့် ယာမြေများအတွင်း ဝင်ရောက် ထွန်ယက်ကာ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီဥ ပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုထားခဲ့ခြင်း ဖြစ်ကြောင်း ကိုအေးသိန်းက ဆိုသည်။ ယင်းသို့ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ထပ်ပြီး တရားစွဲထားတဲ့ အမှုက ရေတံခွန်တောင်ခြေမှာရှိတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့က သိမ်းဆည်းထားတဲ့ ယာမြေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တောင်သူတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကြိမ်ဖန်များစွာ စာတွေ တင်ပြခဲ့ပါတယ်။ အဲဒီလို တင်ပြခဲ့တာမှာ အဆင်မပြေခဲ့တာကြောင့် သပိတ်စခန်း ဖွင့်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပုဒ်မ ၁၈ နဲ့ တရားစွဲတာပါ။ အခုပုဒ်မ ၁၈ အမှုက အချိန်နှစ်နှစ် ကျော်ကြာမှ စပြီး စစ်ဆေးတဲ့အမှုပါ။ နောက်တစ်ခု ပြောချင်တာက ကျွန်တော့်ကို ရှစ်လေးလုံး အခမ်းအနားပွဲမှာ ဖမ်းတာကတော့ ပြည်သူ့အရေးတော်ပုံကြီးကို ကိုယ်ထိလက်ရောက် မထီမဲ့မြင်လုပ်ပြီးတော့ စော်ကားလိုက်တာပဲဗျ။ တကယ်ဆိုရင် ကျွန်တော့်ကို အဲဒီနေ့မတိုင်ခင် အချိန်မရွေး ဖမ်းလို့ရပါတယ်။ ရှစ်လေးလုံး အခမ်းအနားကို တစ်နည်း မဟုတ်တစ်နည်းနဲ့ အနှောင့်အယှက်ပေးတယ်လို့ ယူဆပါတယ်။ နောက်ပြီး ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲဆိုထားတာမှာ ကျွန်တော်ကိုယ်တိုင် ကျူးလွန်ခြင်း မရှိတဲ့ ဓားပြမှု၊ လုယက်မှုလို ပုဒ်မတွေ တပ်ပြီးတော့ တရားစွဲဆိုထားတာတွေက လွဲနေတယ်။ ကျွန်တော်တို့က အဲဒီလိုလုပ်ခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး။ အခုလို အာမခံမရနိုင်တဲ့ ပုဒ်မတွေ တပ်ပြီး တရားစွဲဆိုတယ် ဆိုတာကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ တရားစွဲအဖွဲ့အစည်းတွေက မြေသိမ်းသူ ခရိုနီအလိုကျနဲ့ လာဘ်ပေးလာဘ်ယူပြီး တရားရုံးကို တရားစွဲ တင်ပို့လိုက်တယ်လို့ မြင်ပါတယ်”ဟု ပုဒ်မမျိုးစုံတို့ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းက ပြောကြားသည်။

သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ခြင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုဖွင့်ခံထားရသည့် မြေယာအရေး လှုပ်ရှားသူ၏ အမှုရုံးချိန်းကို စက်တင်ဘာ ၁၀ ရက်သို့ ဆက်လက် ချိန်းဆိုခဲ့ကြောင်း သိရသည်။ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် သြဂုတ် ၂၇ ရက်က ချိန်းဆိုခဲ့သည့် ရုံးချိန်း၌ တရားလိုပြသက်သေ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသဖြင့် အမှုစစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent