မန္တလေးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တစ်ဦး သေဆုံးသည့် ဖြစ်စဉ်မှ ဖမ်းဆီးရမိသူအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်နှောင်ခွင့် ဒုတိယရမန်ယူ

မန္တလေးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တစ်ဦး သေဆုံးသည့် ဖြစ်စဉ်မှ ဖမ်းဆီးရမိသူအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်နှောင်ခွင့် ဒုတိယရမန်ယူ
Published 28 August 2018

သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သူအား သြဂုတ် ၂၇ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်မှ ဖမ်းဆီးရမိခဲ့သူအား ချုပ်နှောင်ခွင့် ဒုတိယရမန်ကို သြဂုတ် ၂၇ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ရယူခဲ့ကြောင်း သတင်းရရှိသည်။

“ရဲလုပ်ငန်းစဉ်အရ စစ်ဆေးစရာတွေ ကျန်ရှိနေသေးတာကြောင့် စက်တင်ဘာ ၁၀ ရက်အထိ ထပ်မံ ချုပ်နှောင်ခွင့်ရမန် လာယူသွားပါတယ်။ စက်တင်ဘာ ၁၀ ရက် ရောက်ရင်တော့ ခရိုင်တရားရုံးမှာပဲ တရားစွဲဆို ဆောင်ရွက်ရမှာပါ” ဟု ချမ်းမြသာစည်မြို့နယ် တရားသူကြီးက ပြောကြားသည်။

သြဂုတ် ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြား ထွန်တုံးရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦးအား အခြားဆိုင်ကယ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်များ လဲကျသွားသည့်နောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေကျင် ထွက်ပြေးလာခဲ့ကြောင်း၊ ထို့နောက် အနီးရှိ ဆိုင်တစ်ဆိုင်မှ ထွက်လာသည့် ဆိုင်ကယ်ကို လုယူခဲ့ရာ မရခဲ့ဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးခဲ့ကြောင်း၊ ခွေးဘီလူး ကားတစ်စီးကို တားမြစ်ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခဲ့သော်လည်း ကျည်ထွက်ခဲ့ခြင်း မရှိဘဲ အနီးဝန်းကျင်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းကြောင့် သေနတ်ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါရပ်ကွက်မှ မျက်မြင်တွေ့ရှိခဲ့သူများထံမှ သိရသည်။

သေနတ်ပစ်ခံခဲ့ရသည့် လီလျှီစွမ်း ခေါ် ကိုဇော်လင်းနှင့် ဟောလောက်ဖိန်တို့ ဇနီးမောင်နှံမှာ ချမ်းမြသာစည်မြို့နယ် ခတ္တာလမ်း နှင့် ဂန္ဓာလမ်းကြား၊ ၅၅ လမ်းနှင့် ၅၆ လမ်း ကြား A24 တွင် ခေါင်ရည်ဆိုင် ဖွင့်ထားပြီး တားမိုးညဲ ကွတ်ခိုင်ဇာတိ ဖြစ်ကြောင်း သိရသည်။

ဖမ်းမိထားသည့် ကျူးလွန်သူဟု ဆိုသူမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှ ပန်းရန် လုပ်ကိုင်သူ တစ်ဦးဖြစ်ကာ ရှမ်းဓနုလူမျိုးဖြစ်ပြီး ၎င်းကို လူသတ်မှုပုဒ်မ ၃၀၂၊ လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု ပုဒ်မ ၃၉၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ သေနတ်ဖြင့် အပစ်ခံရသူ ဇနီးမောင်နှံ နှစ်ဦးအနက် အမျိုးသမီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘဏ်က ထွက်လာသောကြောင့် ငွေလုယူရန် ကြိုးစားရင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်းပေါ် ဆိုင်ကယ်ဖြင့် သွားနေသူတစ်ဦး သေနတ်ထိမှန်သေဆုံးမှုမှာလည်း တရားခံ ပေါ်ပေါက်ခြင်း မရှိသေးပေ။

Most Read

Most Recent