၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်း

၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်း
Published 28 August 2018

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည်  ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သြဂုတ် ၂၇ ရက်တွင်  ကြေညာချက်ထုတ်ပြန်သည်။

သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကော်မတီ၏ ဥက္ကဋ္ဌမှာ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ဖြစ်၍ ဒေါက်တာမေဝင်းမြင့်၊ ဦးတင်ထွဋ်ဦး၊ ဦးအင်ထုံးခါးနော်ဆမ်၊ ဦးစိုးဝင်း(ခ) ဦးစိုးလေး၊ ဦးမျိုးနိုင်ဦး၊ ဦးပါထန်း၊ ဦးမြင့်ကြည်၊ ဦးမြင့်ဌေးနှင့် ဦးသိန်းဇော်တို့မှာ အဖွဲ့ဝင်များဖြစ်ကြပြီး  ဦးသိန်းဦးမှာ ကော်မတီ၏အတွင်းရေးမှူး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ၁၃ နေ ရာရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် လေးနေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တစ်နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် ရှစ်နေရာရှိသည်။

NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းပါတီက ပြောကြားထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent