ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကု ဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ခန့်အပ်ထား

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကု ဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ခန့်အပ်ထား
Published 28 August 2018

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကု ဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို ထပ်မံဖြည့်တင်း ခန့်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ မည်သူမဆို ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူနိုင်ကြောင်း နှင့် ဆေးရုံဆေးခန်းများသည် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသူများအတွက် အကာအကွယ် ပေးထားသည့် နေရာများဖြစ်ကြောင်း အသိပေးကြေညာချက်များ ပြုလုပ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက် ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း စစ်တွေဆေးရုံ၊ သက္ကယ်ပြင်ဆေးရုံ၊ မြောင်းဘွေဆေးရုံ၊ ဘူးသီးတောင်ဆေးရုံ၊ စေတီတောင်ဆေးရုံ၊ မောင်တောဆေးရုံများတွင် ပြင်ပလူနာနှင့် အတွင်းလူနာများကို လက်ခံ ကုသပေးလျက် ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆရာဝန်၊ သူနာပြုများ အပါအဝင် သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် စသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများကို နှစ်စဉ် မွေးထုတ်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအား ဦးစားပေး အစီအစဉ် သတ်မှတ်၍ ခန့်အပ်သွားမည် ဖြစ်ကြောင်းနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (စစ်တွေ) ၌ သူနာပြုနှင့် သားဖွား သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃၀၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ခြောက်လ သင်တန်းအား စစ်တွေမြို့၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀၁ ဦးတို့ဖြင့် လေ့ကျင့် သင်တန်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများနှင့် အခြေခံ ကျန်းမာရေး ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေးအတွက် အစီအစဉ်များ ဆောင်ရွက်သွားရန်ရှိပြီး ရာထူးတိုး၍ လစ်လပ်နေရာများနှင့် သက်ပြည့်ပင်စင်ယူခြင်း အပါအဝင် အခြားလစ်လပ် နေရာများ၌ ပြန်လည် ခန့်အပ်နိုင်ရေးအတွက် အစီအစဉ်များအား စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ ဆရာဝန်များ ပိုမိုခန့်အပ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးသော ဆရာဝန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ အထူးအစီအစဉ် အနေဖြင့်လည်း ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းသား ခေါ်ယူခြင်း၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းအတွက် သင်တန်းသား/သူ ခေါ်ယူခြင်းများ၌ ဒေသခံများအား ခေါ်ယူခြင်းဖြင့် သင်တန်းပြီးဆုံး၍ တာဝန်ချထားရာတွင် ပိုမို အဆင်ပြေမည် ဖြစ်သဖြင့် ဒေသခံများအား ဦးစားပေး ခေါ်ယူ သင်တန်းပေး၍ မွေးထုတ်သွားမည် ဖြစ်ကြောင်းနှင့် သူနာပြုနှင့် သားဖွားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးအတွက် လက်ရှိ စစ်တွေ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အပြင် ရခိုင်ပြည်နယ်၊ တောင်ပိုင်းရှိ မြို့နယ်တစ်ခုခု (လျာထား-ကျောက်ဖြူမြို့) ၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအသစ် တစ်ခု တည်ထောင် ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရရှိနေသည့် ကျန်းမာရေး စောင့်ရှောက်မှုအဆင့်သည် နိမ့်ကျနေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံတစ်နိုင်ငံတွင် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုရှိရန်အတွက် လူ တစ်သောင်းလျှင် ကျန်းမာရေး လုပ်သား အနည်းဆုံး ၂၂ ဦးရှိရန် လိုအပ်သည်ဟု အကြံပြုထားကြောင်း၊ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းအရ မြန်မာတစ်နိုင်ငံလုံး၌ ကျန်းမာရေးလုပ်သား အင်အားသည် လူတစ်သောင်းလျှင် ၁၆ ဦးခန့် ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား ငါးဦးသာ ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေးသေနှုန်းသည်လည်း တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်နေကြောင်းနှင့် ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သည့် ကျန်းမာရေး ဝန်ထမ်းများရှိသည့် ဆေးရုံဆေးပေးခန်းများတွင် မွေးဖွားကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

 

Most Recent