မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ် လက်မှတ်အရောင်းပွဲ၌ အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်နှင့် မြန်မာကျပ် ၁၀၆ ဒသမ ၁ သန်း တန်ဖိုးရှိ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များ စံချိန်တင် ရောင်းချခဲ့

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နှစ် (၇၀) ပြည့် အထိမ်းအမှတ် လက်မှတ်အရောင်းပွဲ၌ အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်နှင့် မြန်မာကျပ် ၁၀၆ ဒသမ ၁ သန်း တန်ဖိုးရှိ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များ စံချိန်တင် ရောင်းချခဲ့
Published 28 August 2018

သြဂုတ် ၂၆ ရက်က မြန်မာပလာဇာ၌ ပြုလုပ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ် အရောင်းပွဲတော် မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နှစ်၇၀ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပသည့် လေယာဉ်လက်မှတ်ရောင်းပွဲ၌ အမေရိကန်ဒေါ်လာ နှစ်သိန်းနှစ်သောင်းကျော်နှင့် မြန်မာကျပ် ၁၀၆ ဒသမ ၁သန်း တန်ဖိုးရှိ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို စံချိန်တင် ရောင်းချခဲ့ရကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သတင်းရရှိပါသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် “မြန်မာအမျိုးသားလေကြောင်းလိုင်း” ကို ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် “ Union of Burma Airways ” အမည်ဖြင့် စတင် တည်ထောင်ခဲ့ရာ ယခုနှစ် ၂၀၁၈ ခုနှစ်တွင် နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နှစ် ၇၀ ပြည့် ပလက်တီနမ်ရတုကို ကြိုဆိုသောအားဖြင့် သြဂုတ် ၂၅၊ ၂၆ရက်များ၌ မြန်မာပလာဇာ ပရိုမိုးရှင်းဧရိယာ၌ နှစ် ၇၀ ပြည့် အထိမ်းအမှတ် လေယာဉ်လက်မှတ်ရောင်းပွဲတော်အား ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နှစ်ရက်တာ ကာလအတွင်း မြန်မာကျပ်ငွေ သန်းပေါင်း ၁၀၆ ဒသမ ၁ သန်း တန်ဖိုးရှိ ပြည်တွင်း လေယာဉ်လက်မှတ် ၁၆၅၂ စောင်နှင့် အမေရိကန်ဒေါ်လာ ၂၂၃၀၀၀ (နှစ်သိန်း နှစ်သောင်း သုံးထောင်) တန်ဖိုးရှိ ပြည်ပ လေယာဉ်လက်မှတ် ၂၅၉၄ စောင် ရောင်းချခဲ့ရကြောင်း သိရသည်။

“မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမယ့် စက်တင်ဘာ ၁၅ ရက်ဆို နှစ် ၇၀ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ Travel Fair မှာ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်တွေကို ၁၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးခဲ့တာပါ။ ဒါ့အပြင် ခရီးသည်များရဲ့ တောင်းဆိုချက်အရ သြဂုတ် ၂၇ နဲ့ ၂၈ ရက်တွေမှာလည်း မြန်မာအမျိုးသား လေကြောင်းလိုင်းရဲ့ လေယာဉ်လက်မှတ်တွေကို ၁၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ လေကြောင်းလိုင်းရဲ့ Website နဲ့ Application မှာ ပရိုမိုကုဒ် အသုံးပြုပြီး ထပ်မံဝယ်ယူနိုင်မှာပါ။ အသုံးပြုရမယ့် ပရိုမိုကုဒ်ကတော့ UB70ANNI ဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းသည် ဟောင်ကောင်၊ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ဗုဒ္ဓဂယာစသည့် မြို့များနှင့် ပြည်တွင်း၂၈ မြို့အား ခရီးစဉ်များ ပံျသန်းနေပြီး တရုတ် ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ တိုးချဲ့ပျံသန်း ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent