ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်ခြင်း ပုဒ်မ ၁၂၄ (က) ဖြင့် ငါးမင်းဆွေအား စွဲချက်တင်

ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်ခြင်း ပုဒ်မ ၁၂၄ (က) ဖြင့် ငါးမင်းဆွေအား စွဲချက်တင်
Published 28 August 2018

ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) ဖြင့် ငါးမင်းဆွေကို သြဂုတ် ၂၇ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ခဲ့သည်။

အဆိုပါအမှုကို စစ်ဆေးနေသည့် အနောက်ပိုင်းခရိုင် တရားရုံး ရုံးခန်းအမှတ် (၃) တွဲဖက်ခရိုင် တရားသူကြီး (၂) တရားခွင်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ငါးမင်းဆွေက ၎င်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးတည်ကာ တိုင်းပြည်အကျိုးအတွက် ရေးသားခဲ့ခြင်း ဖြစ်သဖြင့် ၎င်းတွင် အပြစ်မရှိကြောင်း၊ တရားခွင်တွင် ငြင်းဆိုခဲ့ပြီး လာမည့်ရုံးချိန်း၌ ၎င်းစစ်ဆေးခံရသည့်အချိန်တွင် ရေးသားခဲ့ပြီးသည့် ဆောင်းပါးနှင့် စာများကို သက်သေအဖြစ် တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ယင်းကြောင့် လာမည့် ရုံးချိန်းကို စက်တင်ဘာ ၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် လှိုင်မြင့်မိုရ်အိမ်ရာ မာဃလမ်း ၁၀ ရပ်ကွက်နေ ငါးမင်းဆွေကို ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ငါးမင်းဆွေ၏ နေအိမ်သို့ သွားရောက်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငါးမင်းဆွေကို ဖမ်းဆီး တရားစွဲဆိုရခြင်းမှာ အစိုးရအား အများပြည်သူက မလိုမုန်းထား မလေးစားအောင် အကြည်အညိုပျက်အောင် ရေးသား လှုံ့ဆော်မှုများကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း တရားစွဲဆိုထားသည့် ပုဒ်မအရ သိရသည်။

ပုဒ်မ-၁၂၄ (က) မှာ မည်သူမဆို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်း မဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော် လည်းကောင်း ၊ မလေးမစားအောင်သော် လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သိရသည်။

ထို့အပြင် မေတ္တာပျက်စေခြင်း ဆိုသည့် စကားတွင် သစ္စာမဲ့ခြင်းနှင့် အငြိုးထားသော စိတ်လည်း ပါဝင်ကြောင်း၊ မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော် လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့တည်းမဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်း မရှိဘဲ အစိုးရ၏ ဆောင်ရွက်မှု အစီအစဉ်ကို ဥပဒေနှင့်ညီသော နည်းဖြင့် ပြောင်းလဲပြုပြင်စေရန် ရည်ရွယ်လျက် ထိုဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်၊ မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော် လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့တည်းမဟုတ် လှုံ့ဆော်ရန် ကြံစည်အား ထုတ်ခြင်းမရှိဘဲ အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို သို့တည်းမဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်ဟုလည်း ရေးသားဖော်ပြ ပါရှိသည်။

 

Most Read

Most Recent