သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အတွင်း မူးယစ်တရားခံ ၄၇၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသားများလည်း ပါဝင်

သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အတွင်း မူးယစ်တရားခံ ၄၇၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသားများလည်း ပါဝင်
Published 28 August 2018

သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အတွင်း မူးယစ်တရားခံ ၄၇၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် နေပြည်တော်၌ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသူ တရားခံ ထွန်းထွန်းဦး (ခ) စည်သူ (ခ) ပြောင်ကြီးအား ဖမ်းဆီးရမိပြီး ၎င်းတည်းခိုသော ဟိုတယ်ဇုန် နှစ်ခုရှိ ဟိုတယ် ရွှေဂုံတိုင်၊ အခန်း ၂၂၁ အတွင်းမှ စိတ်ကြွဆေးပြား ၁၂၆ ပြား၊ အိုက်စ် ၇၀ ဒသမ၂ ဂရမ်ဖြင့် လည်းကောင်း၊ နယ်စပ်ဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်အတွင်း မဘိမ်းမြို့နယ်၊ လဝါကျေးရွာအုပ်စု၊ ဒေသအခေါ် (ကျောက်လုံးကြီး) တောတွင်း၌ မသင်္ကာဖွယ် တဲများအား ရှင်းလင်းရာ တရားခံ အမျိုးသား သုံးဦးထံမှ ဘိန်းဖြူ ၃ ဂရမ်၊ စိတ်ကြွဆေးပြား ၄၀၂၀၀ ပြား၊ တူးမီးသေနတ် နှစ်လက်၊ ပင်ကြိမ်ကျေးရွာမှ တရားခံအမျိုးသား တစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၀၀၊ ဘိန်းဖြူ တစ်ဂရမ်၊ တူမီးသေနတ် တစ်လက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံခြားသားများ ပါဝင်သည့် ဖမ်းဆီးရမိမှုဖြစ်စဉ် နှစ်ခုရှိခဲ့ကြောင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား လေးဦးအား စိတ်ကြွဆေးပြား ၈၀၊ အိုက်စ် ၅၃ ဒသမ ၅ ဂရမ်၊ ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည် ၃၂ တောင့်၊ ကျည်အိမ် သုံးခု၊ ကရင်ပြည်နယ်၊ ကြာအဆင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ တရားခံ အမျိုးသား လေးဦး (ထိုင်းတစ်ဦး၊ မြန်မာသုံးဦး)နှင့် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား ၅၂၅၂ ပြား၊ အိုက်စ် ၁၃၃၀ ဒသမ ၅၂ ဂရမ်၊ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၁၆ တောင့်၊ ကျည်အိမ် တစ်ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်သုံးခု ရှိခဲ့ပြီး တရားခံအမျိုးသား ခြောက်ဦးထံမှ ဘိန်းဖြူ ၆၉ ဒသမ ၃ ဂရမ်၊ ဘိန်းစိမ်း ၈၅ ဂရမ်၊ စိတ်ကြွဆေးပြား ၁၀၉၀ ပြား၊ လက်နက်မျိုးစုံ ငါးလက်၊ ကျည်မျိုးစုံ ၃၅၇ တောင့်၊ ကျည်အိမ် တစ်ခုအား လည်းကောင်း၊ ပြန်လည်ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရမိမှု ဖြစ်စဉ် တစ်ခုရှိခဲ့ပြီး အဆိုပါ ဖြစ်ပွားမှုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်း မောက်မြို့နယ်၊ သောင်းကြီးကျေးရွာတွင် သတင်းအရ ဖော်ထုတ် ဖမ်းဆီးရာ တရားခံ အမျိုးသားနှစ်ဦးက ရဲတင်းဖြင့် ခုခံခြင်း၊ ၎င်းတို့ထံမှ တူမီးသေနတ်ဖြင့် ပစ်ခတ်ရန် ပြုလုပ်ခြင်းတို့ကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဆက်လက်ပြီး သီးခြားဖော်ထုတ် ဖမ်းဆီးမှု စုစုပေါင်းအနေဖြင့် သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ မူးယစ်အမှုပေါင်း ၃၃၅ မှု၊ တရားခံ ၄၇၆ ဦးကို မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ နှင့် သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent