အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု တိုင်းတရားလွှတ်တော်သို့ ရောက်ရှိနေသဖြင့် အမှုမစစ်ဆေးဖြစ်ဘဲ ရုံးထုတ်တွင် အချုပ်ကားသော့ ပျက်မှုကြောင့် အစ္စဏီ အပါအဝင် အချုပ်သားများ မိနစ် ၄၀ ခန့် ပိတ်မိမှု ဖြစ်ပွား

အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု တိုင်းတရားလွှတ်တော်သို့ ရောက်ရှိနေသဖြင့် အမှုမစစ်ဆေးဖြစ်ဘဲ ရုံးထုတ်တွင် အချုပ်ကားသော့ ပျက်မှုကြောင့် အစ္စဏီ အပါအဝင် အချုပ်သားများ မိနစ် ၄၀ ခန့် ပိတ်မိမှု ဖြစ်ပွား
Published 28 August 2018

အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု ရန်ကုန်တိုင်း တရားလွှတ်တော်သို့ အမှုရောက်ရှိနေသဖြင့် မြို့နယ်တရားရုံးတွင် အမှုအား မစစ်ဆေးဖြစ်ခဲ့ဘဲ အစ္စဏီ အပါအဝင် အချုပ်သား/အချုပ်သူများမှာ အချုပ်ကားသော့ ပျက်မှုကြောင့် မိနစ် ၄၀ ဆယ်ခန့်ကြာ အချုပ်ကားအတွင်း ပိတ်မိမှု ဖြစ်ပွားခဲ့သည်။

အဆိုတော် အစ္စဏီကို သြဂုတ် ၂၇ ရက်က တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းပါဝင်သည့် အချုပ်ကားမှာ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် တရားရုံးသို့ ရောက်ရှိသော်လည်း အချုပ်ကားသော့မှာ ပျက်သွားသဖြင့် သော့ပြင်သူခေါ်ပြီး ဖွင့်ခဲ့ရကာ ၁၁ နာရီ ၁၀ မိနစ်ခန့်တွင်မှ သော့ဖွင့်၍ ရခဲ့သည်။

အဆိုတော် အစ္စဏီအမှုကို ပုံမှန် စစ်ဆေးနေသည့် တာမွေမြို့နယ် တရားရုံးမှ အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးပေးရန် တရားလို မော်ဒယ် စူးရှထက်ဘက်မှ လျှောက်ထားခဲ့ခြင်းကြောင့် သြဂုတ် ၃ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ကြားနာခဲ့သည်။ ထိုသို့ကြားနာပြီးနောက် သြဂုတ် ၉ ရက် ရုံးချိန်းတွင် ရုံးပြောင်းပေးရန် လျှောက်ထားချက်အား အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယ ခရိုင်တရားသူကြီး (၁) တရားခွင်မှ တရားသူကြီးက ရုံးပြောင်းလျှောက်ထားမှုကို ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။ ထိုသို့ အမိန့်ချမှတ်မှုကို မကျေနပ်သဖြင့် တရားလိုဘက်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ခဲ့သဖြင့် အမှုတွဲမှာ တိုင်းတရားလွှတ်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုတော် အစ္စဏီကို တာမွေမြို့နယ်တရားရုံး၊ တွဲဖက်မြို့နယ် တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် စွဲဆိုထားသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ် အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီ အရက်ဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီ ကျော်ခန့်တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ် အမျိုးသမီးမှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နေအိမ်အရောက်တွင် အဆိုတော်အစ္စဏီက မော်ဒယ်အမျိုးသမီး အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် မော်ဒယ်အမျိုးသမီးက ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရို တိုက်မိခဲ့ရာ ဦးခေါင်း နာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိး၊ လက်ခလယ် လက်သန်းခွံများကို လှန်ချိုးခြင်းတို့ ပြုလုပ်သဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား နှစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းရန် ကြိုးစားခဲ့ရာ အစ္စဏီက ဗီရိုမှန်ကွဲစဖြင့် ခြစ်ခဲ့သဖြင့် ယာခြေထောက် ပြတ်ရှဒဏ်ရာ ရခဲ့ကြောင်း၊ ထို့နောက် မော်ဒယ် အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါး လော့ခ်ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 

Most Read

Most Recent