အစိုးရသည် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်းနှင့် ပြည်သူများအား ယခုကြုံတွေ့နေရသည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ချပြရန်လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

အစိုးရသည် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်းနှင့် ပြည်သူများအား ယခုကြုံတွေ့နေရသည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ချပြရန်လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 28 August 2018

Photo – Myanmar Union Parliament

အစိုးရသည် ပွင့်လင်းမြင်သာမှုတွင် အားနည်းနေကြောင်းနှင့် ပြည်သူများအား  ယခုကြုံတွေ့နေရသည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ချပြရန်လိုအပ်ဟု ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုက ဆွေးနွေးခဲ့သည်။

သြဂုတ် ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် ၇/၂၀၁၈ အား ဆွေးနွေးစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအစီရင်ခံစာတွင်ပါရှိသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ခပြဿနာများအား ဆွေးနွေးလိုကြောင်း၊ ယင်းပြဿနာသည် အမြဲတမ်းကြုံတွေ့နေရမည့် ကိစ္စဖြစ်ကြောင်း၊ လျှပ်စစ်မီးလင်းလာသည်နှင့်အမျှ ဓာတ်အားခဆုံးရှုံးသည့် နှုန်းထားများ များပြားလာမည်ဖြစ်ကြောင်း၊ ထို့အတွက် ပြင်ဆင်ရန်လိုအပ်သည့် နည်းပညာပိုင်းအား မဆွေးနွေးဘဲ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်များကို ဆွေးနွေးလိုကြောင်း  ဦးရွှေကိုက ဆွေးနွေးခဲ့သည်။

ဦးရွှေကိုက “လျှပ်စစ်ဓာတ်အား ပြဿနာတွေနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့အချက်ကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ပါပဲ။ ပြည်သူတွေကို ယခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့  အခြေအနေတွေ၊ ကျွန်တော်တို့လုပ်ကိုင်နေရတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းချပြဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့အစိုးရဟာ ပွင့်လင်းမြင်သာမှုမှာ အားနည်းနေပါတယ်။ ကျွန်တော်တို့တာ ဝန်ယူထားကြတယ်။ လုပ်ကိုင်နေကြတယ်ဆိုတာက ပြည်သူအတွက်ပါ။ အဲဒီတော့ ကျွန်တော်တို့ ကြုံတွေ့နေရတာ၊ လုပ်နေရ တာတွေကို ပြည်သူတွေမှာ သိခွင့်ရှိပါတယ်။ကျွန်တော်တို့က ချပြဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိခြင်းဟာ သံသယကို အားနည်းစေပြီးတော့ နားလည်မှုကို တိုးပွားစေပါတယ်။ အဲဒီတော့ တစ်နေ့က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်ပြောတဲ့ ပြည်သူတွေပူးပေါင်းပါဝင်မှ  ကျွန်တော်တို့ အားလုံးလုပ်နိုင်မှာပါဆိုတဲ့ စကားကို အလေးအနက်ထားပြီး ပွင့်လင်း မြင်သာမှုကို ကြိုးစားအကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်လို့ အကြံပြုလိုပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ယခုတင်သွင်းထားသည့် အစီရင်ခံစာအား ကြည့်ပါက တိုင်းပြည်အတွက် တစ်နာရီ ဆုံးရှုံးမှုများသည် ဘီလျံပေါင်းများစွာရှိနေကြောင်း၊ ယင်းပြဿနာသည် အတွေ့အကြုံ အားနည်းမှု၊ ပေါ့လျော့မှု၊ နည်းပညာပိုင်းအား နည်းမှုများကြောင့် ဖြစ်သကဲ့သို့ တမင်ရည် ရွယ်ချက်ဖြင့် ဖြစ်ပျက်ခဲ့မှုများလည်း ပါဝင်နိုင်ကြောင်း၊ တမင်ရည်ရွယ်ချက်နှင့် ဖြစ်ပျက်ခဲ့မှုများဆိုပါက တုံ့ဆိုင်းမနေဘဲ အရေးယူ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ဦးရွှေကိုက ဆွေးနွေးခဲ့သည်။

“အရေးယူတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်မြို့နယ်က အဖြစ်အပျက်တစ်ခု တင်ပြချင်ပါတယ်။ ကျွန်တော်တို့မြို့နားက ရွာတစ်ရွာကို ရှောင်တခင်ဝင်စစ်လိုက်တဲ့အခါကျတော့ အိမ် ၁၃ အိမ်ကို မီးဖြတ်လိုက်တယ်။ အဲဒီ ၁၃ အိမ်ဟာ မီးလင်းရေးကော်မတီက  တောင်းတဲ့ငွေကျပ် တစ်သိန်းကနေ သုံးသိန်းကြားဆိုတာကို ပေးသွင်းပြီးပြီ။ လစဉ်လည်း သုံးထောင်ကျပ် ပေးဆောင်တယ်။ တိုင်တဲ့လူက တောင်းဆိုတာကို မမျှတတဲ့အတွက်၊ တောင်းဆိုတာ မတူညီတဲ့အတွက် တိုင်တဲ့အခါကျတော့ EPC က ဝင်စစ်တဲ့အခါ ဒီအိမ်တွေကို မီးဖြတ်လိုက်ပါတယ်။ ဒဏ်ကြေးကို  ကျပ်ငါးသောင်းကျော်ကနေ နှစ်သိန်းရှစ်သောင်းကျပ်အထိ ဒဏ်ရိုက်တာတွေ လုပ်ပါတယ်။ အဲဒီအချိန်မှာ ခွင့်ပြုခဲ့တဲ့ မီးလင်းရေး ကော်မတီတွေရယ်၊ သွယ်တန်းပေးတဲ့သူတွေကတော့ အရေးယူခြင်းမခံခဲ့ရဘူး။ ဒီကိစ္စကိုကြည့်ရင် မီးလင်းရေးကော်မတီတွေကို အခွင့်အရေးပေးထားသလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီလိုမမျှတတဲ့ စွမ်းဆောင်မှုမျိုး မဖြစ်သင့်ပါဘူး” ဟု ဦးရွှေကိုက ဆွေးနွေးခဲ့သည်။

ယခု အစီရင်ခံစာတွင် ပါရှိသည့် လျှပ်စစ်ဓာတ်အား အရှုံးပေါ်နေရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်သည် အရေးကြီးကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၈၀ ခန့်သာ လျှပ်စစ်မီးလင်းသည်ကို တွေ့ရသေးကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်သန်းပေါင်း လေးသောင်းကျော်  အရှုံးပေါ်နေကြောင်း၊ ယင်းသို့ရှုံးရသည့် အဓိကအကြောင်းရင်းသည် ဓာတ်အားခကောက်ခံသည့် နှုန်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဝယ်ယူသည့် ဓာတ်အားခနှုန်းသည် တစ်ယူနစ်လျှင် ၁၄၆ ဒသမ ၀၉ ကျပ်အထိ ဖြစ်နေပြီး ပြန်လည်ဖြန့်ဖြူးရာတွင် တစ်ယူနစ်လျှင် ၅၂ ကျပ်နှင့် ၅၇ ကျပ်ဖြစ်နေကြောင်း၊ နောက်ထပ်ဆုံးရှုံးရသည့် အချက်တစ်ချက်မှာ ဓာတ်အားပျောက်ဆုံးမှုများဖြစ်နေကြောင်း၊ ဓာတ်အားပျောက်ဆုံးခများအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်သန်းပေါင်းလေးသောင်းခန့် အရှုံးပေါ်နေသည်ကို တွေ့ရကြောင်း၊ ဓာတ်အားပျောက်ဆုံးမှုများသည် သုံးစွဲသည့်ပစ္စည်း အရည်အသွေး ညံ့ဖျင်းမှုကြောင့်အပြင် သုံးစွဲသူများ၏ မသမာမှုများကြောင့် ဆုံးရှုံး၊ ပျောက်ဆုံးခြင်းများ ရှိနိုင်ကြောင်း၊ လူကြောင့်ပျောက်ဆုံးမှုများကို စနစ်တကျကြပ်မတ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးရွှေကိုက ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent