ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရသော်လည်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကြိုးပမ်းမည်

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရသော်လည်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကြိုးပမ်းမည်
Published 27 August 2018

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရသော်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

သြဂုတ် ၂၆ ရက်က Green Hill ဟိုတယ်တွင်ပြုလုပ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစု ပင်လုံအစည်းအဝေးများအပေါ် သုံးသပ်ခြင်းအစည်းအဝေး ခေတ္တရပ်နားချိန်၌ မီဒီယာသမားများနှင့်တွေ့ဆုံရာတွင် ဒေါ်စောမြရာဇာလင်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်မတို့ကတော့ အမျိုးသားအဆင့်ဆိုတဲ့ ပုံစံမျိုးမရငြားသော်လည်းပဲ ကျွန်မတို့ကတော့ အမျိုးသားတစ်ရပ်လုံး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုတော့ နည်းလမ်းပေါင်းစုံနဲ့တော့ ကျွန်မတို့ လုပ်သွားမှာပါ။ ရအောင်လည်း ကျွန်မတို့ ဆက်ပြီးတော့ တွန်းအားပေးသွားမှာပါ” ဟု ဒေါ်စောမြရာဇာလင်းက ပြော ကြားသည်။

ယခင်အစိုးရလက်ထက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား လက်ရှိအချိန်ထိ ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ နိုင်ငံရေး အခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

“အဓိက,ကတော့ ရခိုင်ပြည်ရဲ့ အနေအထားကို သူတို့တွေက ထောက်ပြတာက ရခိုင်ပြည်ရဲ့ အနောက်ဘက်ဒေသ Border (နယ်စပ်) ဒေသကို အဓိကညွှန်းဆိုပြီးတော့ ပြောနေကြတာရှိတယ်။ အမှန်က ရခိုင်ပြည်ရဲ့ အနောက်ဖက်ဒေသဆိုလည်း Border ဒေသ ကိစ္စတစ်ခုတည်းမှ မဟုတ်တာ။ ရခိုင် ပြည်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး။ မြန်မာ နိုင်ငံရဲ့ တစ်ခုလုံးသော အစိတ်အပိုင်းဖြစ်တယ်လေ။ အဲလိုမျိုးဖြစ်တဲ့အခါမှာ ရခိုင်ကိုမှ ကွက်ပြီးတော့မှ ချန်လှပ်ထားတာဆိုတာ မျိုးမရှိဘဲနဲ့ ကျွန်မတို့ ငြိမ်းချမ်းရေးကို တကယ် မြတ်နိုးတယ်။ ကျွန်မတို့ တိုင်းပြည်ကြီးတစ်ခုလုံးကို ကောင်းမွန်သောပြောင်းလဲမှုနဲ့ ကျွန်မတို့ ပြောင်းလဲချင်တယ်ဆိုတာကို ကျွန်မတို့ရဲ့ စိတ်ကောင်းစေတနာကောင်းတွေကို အစိုးရအနေနဲ့ ကြည်ကြည်ဖြူဖြူ လက်ခံနိုင်တဲ့တစ်နေ့တော့ ရှိလာလိမ့်မယ်။ ဒါကိုတော့ ကျွန်မတို့က စိတ်ကောင်းစေတနာကောင်းနဲ့ တွန်းအားပေးသွားမယ်”  ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ထို့အတူ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) သည်လည်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယခုအချိန်ထိကျင်းပနိုင်ခြင်းမရှိသေးပေ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒေသအလိုက်၊ လူမျိုးအလိုက်နှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟူ၍ သုံးမျိုးရှိသည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှချမှတ်သော အဆိုပြုချက်များနှင့်အကြံ ပြုချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ  (UPDJC) မှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေး ဆုံးဖြတ်မှုပြုလုပ်နိုင်ရန် တင်ပြသွားရမည် ဖြစ်သည်။

Most Read

Most Recent