<

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး လက်အောက်သို့ လွှဲပြောင်းမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သီလ၀ါ အထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး လက်အောက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ခုရှိပါတယ်။ ဒါက မြို့တော်စည်ပင်သာယာကို လွှဲပြောင်းပြီး တိုင်းဒေသကြီးကနေ အဆင့်မြှင့်တင်ရေး ကဏ္ဍတွေကို ကျွန်တော်တို့ ကြိုးပမ်းဖို့ ဆောင်ရွက်နေပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စက်မှုဇုန်မြေကွက်များတွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် မြေကွက်လက်များနှင့် ပတ်သက်ပြီး တာ စက်ရုံအလုပ်ရုံလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကွက်လပ်ဖြစ်နေသည့် မြေကွက်ပိုင်ရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်နေကြောင်း သိရသည်။

“စက်မှုဇုန်တွေမှာ မြေကွက်အလွတ် အများကြီးတော့ မရှိတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ နေရာတွေကို ရှင်းလင်းဖို့ ဆက်လက်ဆောင်ရွက်သွားမယ်။ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်တဲ့ နေရာမှာလည်း သင့်တင့်မျှတတဲ့ ၀န်ဆောင်မှုစရိတ်ကိုယူပြီး စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားမှုရှိနေကြောင်း၊ သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား မြေပေးနိုင်မှုနှင့် ၀န်ဆောင်မှုပေးနိုင်သည့် အခြေအနေမျိုးကို ဖန်တီးတည်ဆောက်ရန် အတွက် စက်မှုဇုန်အသစ်နှင့် မြို့ပြစီမံကိန်းအသစ်များ တည်ဆောက်ပြီး မြေကိုသင့်တင့်မျှတသည့်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပြင်ဆင်နေကြောင်း ၎င်းကပြောကြားသည်။

“ဒီအခြေအနေတွေကတော့ ဒဂုံအရှေ့ဘက်မှာ ပြင်ဆင်နေတာတွေရှိတယ်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ပြင်ဆင်နေတာတွေ ရှိပါတယ်။ ဒီအပြင် ရေကြောင်းပို့ဆောင်ရေးအရ ကုန်စည်စီးဆင်းမှုတွေ လုပ်နိုင်ဖို့ Dry Port တွေလုပ်နိုင်ဖို့ Dry Port တွေတည်ဆောက်ပေးဖို့အတွက် ကြိုးစားနေပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စက်မှုဇုန်များတွင် မြေရယူထားသူများ အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းအရ လုပ်ငန်းလုပ်ကိုင်ရန် အဆောက်အအုံများ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ လုပ်ကိုင်ခြင်း မရှိပါက ပြန်လည်သိမ်းယူရမည်ဟု ပါရှိကြောင်း၊ သို့သော် မြေရယူထားသူ အချို့သည် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသူများလည်းရှိကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူနှင့် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသူများကိုလည်း ပြန်လည်စိစစ်ထားကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“အခုအချိန်အခါမှာ မြေကွက်လပ် တော်တော်များများမှာ ဆောက်ကြတယ်။ အနည်းငယ် ကျန်နေသေးတယ်။ အဲဒီသူတွေကို ဆက်သွယ်ဖို့ အခက်အခဲ ရှိနေတယ်။ ဒီအတွက် စက်မှုဇုန်တွေ အတွင်းမှာရှိတဲ့ မြေကွက်တွေကို၊ အမှန်အတိုင်းပြောရင်တော့ တကယ်ရင်းနှီးမြှုပ်နှံလိုသူတွေ လက်ထဲမှာ ဒီမြေကွက်တွေက ရှိမယ်ဆိုရင် ပိုအကျိုးရှိနိုင်တယ်။ မလုပ်လို့ ဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုရင် သိမ်းဆည်းတာတွေ လုပ်လို့ရနိုင်တယ်။ မြေကွက်ကို အကောင်အထည် ဖော်ရမှာပဲဖြစ်တယ်။ သိမ်းဖို့ဆိုတာထက် လုပ်ဖို့ကို ကျွန်တော်တို့ ဦးတည်တာဖြစ်တယ်။ လုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ တိုးတက်မှု ပိုဖြစ်နိုင်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

August 26, 2018














Copy Protected by Chetan's WP-Copyprotect.