နှစ်စဉ် ခရီးသွား ၁၀ သန်းအထက် လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ ခရီးသွားများ ကချင်ပြည်နယ်သို့ လာရောက် လည်ပတ်လိုသဖြင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ပေးရန် တောင်းဆို

နှစ်စဉ် ခရီးသွား ၁၀ သန်းအထက် လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ ခရီးသွားများ ကချင်ပြည်နယ်သို့ လာရောက် လည်ပတ်လိုသဖြင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ပေးရန် တောင်းဆို
Published 26 August 2018

ကချင်ပြည်နယ်၏ ကျော်ကြားသော မြစ်ဆုံဒေသကို တွေ့ရစဉ်

နှစ်စဉ် ခရီးသွား ၁၀ သန်းအ ထက် လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ ခရီးသွား များ ကချင်ပြည်နယ်သို့ လာရောက် လည်ပတ်လိုသဖြင့် ခရီးသွားလုပ် ငန်းအကောင်အထည်ဖော်ပေးရန် လိုအပ်နေကြောင်း ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးပေါ်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေ သော တရုတ်နိုင်ငံ ပေါင်ဆန်းခရိုင် ထိန်ချုံးမြို့သည် မြစ်ကြီးနားမြို့နှင့် ကီလိုမီတာ ၂၀၀ သာ ကွာဝေးပြီး သဘာ၀ အခြေခံခရီးသွားမြို့ဖြစ် ကာ နှစ်စဉ်ခရီးသွား ၁၀ သန်းအထက် ဝင်ရောက်နေသည်။

ထိန်ချုံးမြို့သို့  ခရီးသွားအများအပြား ဝင်ရောက်နေသည့်အပြင် ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ခရီးသွား ၁၄ သန်းခန့် ဝင်ရောက်ထားပြီး ကမ္ဘာလှည့်ခရီးသွားများက ထိန်ချုံးမြို့မှတစ်ဆင့် ကချင်ပြည်နယ်သို့ လည်း နယ်စပ်ဖြတ်ကျော် ယာဉ်တန်းဖြင့် လာရောက်လည်ပတ်လိုကြောင်း ဦးပေါ်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ခရီးသွား ဒေသများ လာရောက်လည်ပတ် စရာ သဘာဝတောတောင်နှင့် သဘာဝရှုခင်းများစွာ ရှိနေသဖြင့် ကန်ပိုက်တည် နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် ဂိတ်အဖြစ် တိုးမြှင့်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်၊ ပတ်စ်ပို့၊ ဗီဇာ စသည်ဖြင့် ခရီးသွားများ လာရောက် လည်ပတ် ခွင့်ပြုခြင်းဖြင့် အချိန်တိုအတွင်း စီးပွားဖြစ်နိုင်သည့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးစေ လိုသည်ဟု ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးပေါ်ဦးက ဒုတိယသမ္မတ ဦးမြင့်ဆွေကို တင်ပြထားကြောင်း သိရသည်။

“ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးဖို့လည်း လုပ်ဆောင်ဖို့ လိုနေတယ်။ ကျွန်တော်တို့အခု ဟိုတယ်အခန်းပေါင်း ၉၀၀ လောက်ပဲရှိ တယ်။ တစ်ဖက်နိုင်ငံကပြောတာ ထိန်ချုံးမှာ မနှစ်ကနွေရာသီမှာ လူ ပေါင်း သိန်း ၂၀ လောက်လာလည် ဖို့ရှိတယ်။ အဲဒီလူတွေ မြန်မာဘက် လာရင် ဝင်ငွေတွေ အဆင့်ဆင့်ဝင် နိုင်တယ်။ အဲဒီလူတွေ ကန်ပိုင်တည် နှစ်နိုင်ငံ စီးပွားရေးဇုန် တည်ထောင် ပြီးရင် ဝင်လာလို့ရတယ်။ ကမ္ဘာမှာ ဒုတိယအကြီးဆုံးနိုင်ငံ တရုတ်နဲ့ နယ်ချင်းစပ်တော့ သူတို့နည်းပညာ ဖွံ့ဖြိုးမှုနဲ့ တွဲလုပ်ရင် ကျွန်တော်တို့ ဘက်က စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်နိုင်တယ်။ တရုတ်နိုင်ငံလည်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံလို့ ချမ်းသာလာတာပဲ။ ကျွန်တော်တို့လည်း အသုံးချရမယ်လို့ မြင်ပါတယ်” ဟု ကချင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ တာချီလိတ်၊ မြဝတီ စသည့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများနှင့် အိမ်နီးချင်းနိုင်ငံသားများ ဝင်ရောက်နေသည့်အပြင် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တည်၊ လောက်ကိုင်၊ ချင်းရွှေဟော်တို့မှလည်း ဝင်ရောက်နေကာ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ဂိတ် (တမူး) ကိုလည်း သြဂုတ်လအတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent