မန္တလေးမြို့ ရွှေတချောင်းမြောင်းအတွင်း စွန့်ပစ်အမှိုက်များ တစ်ပတ်လျှင် ၁၀ ဘီးကား ခြောက်စီးမှ ရှစ်စီးတိုက်အထိ ဆယ်ယူဖယ်ရှားနေရပြီး ရေဆိုးချောင်းမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ဒဏ်ကြေး ကျပ်နှစ်သိန်းအထိ တိုးမြှင့်ကာ တိုင်ကြားသူအား ဒဏ်ကြေးငွေ၏ ရာခိုင်နှုန်း ၅၀ ချီးမြှင့်မည်

မန္တလေးမြို့ ရွှေတချောင်းမြောင်းအတွင်း စွန့်ပစ်အမှိုက်များ တစ်ပတ်လျှင် ၁၀ ဘီးကား ခြောက်စီးမှ ရှစ်စီးတိုက်အထိ ဆယ်ယူဖယ်ရှားနေရပြီး ရေဆိုးချောင်းမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ဒဏ်ကြေး ကျပ်နှစ်သိန်းအထိ တိုးမြှင့်ကာ တိုင်ကြားသူအား ဒဏ်ကြေးငွေ၏ ရာခိုင်နှုန်း ၅၀ ချီးမြှင့်မည်
Published 26 August 2018

စွန့်ပစ်အမှိုက်များကို ရှင်းလင်းနေသည်ကို တွေ့ရစဉ်

မန္တလေးမြို့ ရွှေတချောင်းမြောင်းအတွင်း စွန့်ပစ်အမှိုက်များကို တစ်ပတ်လျှင် ၁၀ ဘီးကား ခြောက်စီးမှ ရှစ်စီးတိုက်အထိ ဆယ်ယူဖယ်ရှားနေရပြီး အဝေးမှ ကားဖြင့် စည်းကမ်းမဲ့ လာရောက်စွန့်ပစ်သူ အများအပြား ရှိနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ဒဏ်ကြေး ကျပ်နှစ်သိန်းအထိ တိုးမြှင့်ကာ ချောင်းမြောင်းများအတွင်း အမှိုက်စွန့်ပစ်မှုများ တွေ့ရှိပါက စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ တိုင်ကြားရန် ဖိတ်ခေါ်ထားပြီး တိုင်ကြားသူအား ဒဏ်ကြေးငွေ၏ ရာခိုင်နှုန်း ၅၀ ကို ချီးမြှင့်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

“ရွှေတချောင်းမြောင်းမှာ ပိတ်နေတဲ့ အမှိုက်တွေကို ဆယ်ယူရတဲ့ ပမာဏက တစ်ပတ်၊ တစ်ပတ်ကို ၁၀ ဘီးကားခြောက်စီးကနေ ရှစ်စီးတိုက်အထိ ဆယ်ယူဖယ်ရှား နေရပါတယ်။ ချောင်းဘေးမှာနေတဲ့ လူနေအိမ်တွေသာမက ချောင်းရဲ့အဝေးမှာနေတဲ့ အဆောင်တွေ၊ လူနေအိမ်တွေကပါ ညလူပြတ်ချိန်ဆို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အမှိုက်တွေကို အိတ်နဲ့သယ်လာပြီး ချောင်းထဲကို စည်းကမ်းမဲ့ လာရောက် စွန့်ပစ်နေကြတယ်ဆိုတာ ကျွန်တော်တို့ သတင်းရထားပါတယ်။ မန္တလေးမြို့ကြီး သန့်ရှင်းသာယာဖ့ိုဆိုတာ ကျွန်တော်တို့ မန်းစည်ပင် တစ်ခုတည်းနဲ့ မရပါဘူး။ မြို့သူမြို့သားတွေအားလုံး ဝိုင်းဝန်းဆောင်ရွက်မှ ရမှာပါ။ လာရောက် စွန့်ပစ်သူတွေကို အရေးယူဖို့က နံပါတ် (၁) ထိရောက်ပြင်းထန်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ လိုပါတယ်။ နံပါတ် (၂) ကတော့ သူတို့ကို စောင့်ဖမ်းဖို့အတွက် လူအင်အား ဝန်ထမ်းလိုအပ်ပါတယ်။ အကောင်းဆုံးကတော့ မိမိမြို့ကြီး သန့်ရှင်းသာယာလှပဖို့ အတွက် မိမိမြို့သူမြို့သားတွေက နိုင်ငံကြီးသားပီသစွာ၊ အသိစိတ်ဓာတ် မြင့်မားစွာနဲ့ ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါတယ်” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

မန္တလေးမြို့အတွင်း နာရီပိုင်းခန့် မိုးသည်းထန်စွာ ရွာသွန်းသည်နှင့် အဓိက မိန်းလမ်းမကြီးများတွင် ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရန်အတွက် လက်ရှိတွင် သင်္ဂဇာချောင်း၊ ရွှေတချောင်းနှင့် ငွေတချောင်းတို့အား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ချောင်းအဆင့်မြှင့်တင်ရေး၊ အမှိုက်သန့်ရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေးတို့အား ယခုနှစ် မိုးရာသီကုန်သည်နှင့် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“အရင်ကလည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကို ငါးသောင်းအထိပဲ ဒဏ်ရိုက်လို့ရတာ။ အခု မီးဖိုချောင်သုံးအမှိုက် ဆိုလို့ရှိရင် ငါးသောင်းကနေ တစ်သိန်း။ ကျန်တဲ့ စက်ရုံထွက် စွန့်ပစ်အမှိုက်တွေ ဆိုရင်တော့ နှစ်သိန်းအထိ တိုးမြှင့်လိုက်တယ်။ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက် ဆိုတာက ချောင်းမြောင်းတွေထဲ ပစ်မှမဟုတ်ဘူး။ သတ်မှတ်ချထားပေးတဲ့ အမှိုက်ကန်မဟုတ်ဘဲ လမ်းဘေးမှာ စွန့်ပစ်ရင်လည်း အရေးယူမှာပါ။ အမှိုက်သိမ်းကား မလာလို့ရှိရင် အမှိုက်ကန်ကို သွားပစ်ရမှာပါ။ အဲဒီလိုမဟုတ်ဘဲ စည်းကမ်းမဲ့ ပစ်တာတွေကို တွေ့ရှိလို့ရှိရင် မြို့နယ်အလိုက် ဌာနမှူးတွေဆီကို ဖေ့စ်ဘွတ်၊ မက်ဆင်ဂျာကနေဖြစ်ဖြစ်၊ ဖုန်းဗိုက်ဘာက ဖြစ်ဖြစ် တိုင်ကြားနိုင်ပါတယ်။ လမ်းနေရာ အတိအကျတော့ လိုပါတယ်။ အဲဒီလို တိုင်ကြားလာတဲ့ သူတွေကို စည်ပင်အနေနဲ့ ဖော်ပြမှာ မဟုတ်ဘဲ ဆုချီးမြှင့်တဲ့အခါ တိတ်တဆိတ် ခေါ်ယူပြုလုပ်ပေးမှာပါ။ လက်ရှိ ကြုံတွေ့နေရတာက ချောင်းဘေးပတ်ဝန်းကျင် နေထိုင်သူတွေနဲ့ ဈေးချိုပတ်ဝန်းကျင်တွေမှာတော့ စည်းကမ်းမဲ့ စွန့်ပစ်တာတွေကြောင့် အခက်အခဲ ရှိနေသေးတယ်။ နောက်ပြီး အဓိကကတော့ လူသူအရောက်အပေါက် နည်းတဲ့ ကမ်းနားလမ်းနဲ့ မြို့ပတ်လမ်းတွေမှာ စည်းကမ်းမဲ့ ပစ်ကြတာများတယ်” ဟု သန့်ရှင်းရေးဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

Most Read

Most Recent