မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ ပိုက်ဆံအိတ်အား လင်မယားနှစ်ယောက်က လုယူမှု ဖြစ်ပွား

မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ ပိုက်ဆံအိတ်အား လင်မယားနှစ်ယောက်က လုယူမှု ဖြစ်ပွား
Published 29 August 2017

ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ ပိုက်ဆံအိတ်ကို လင်မယား နှစ်ယောက်က လုယူမှု သြဂုတ် ၂၇ ရက် ညနေ ၄ နာရီကျော်ခန့်က ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဦးသန်းထွန်း (၄၅ နှစ်) သည် ချမ်းအေးသာစံမြို့နယ် ၂၈ လမ်းနှင့် ၂၉ လမ်း ကြား၊ ၈၂ လမ်းရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်အပြီး ဆိုင်ကယ်ပေါ်တက်စဉ် အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသမီး နောက်မှထိုင်လိုက်လာသည့် စကိုဖီးဆိုင်ကယ်သည် အနားသို့ ရောက်လာကာ ဦးသန်းထွန်း၏ ဆိုင်ကယ်ရှေ့ခွက်အတွင်း ထည့်ထားသည့် ပိုက်ဆံအိတ်အား အမျိုးသမီးက လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပိုက်ဆံအိတ် လုယူထွက်ပြေးရာ ဦးသန်းထွန်းက နောက်မှလိုက်ပြီး လုယူသည့် အမျိုးသမီး အပေါ်အင်္ကျီအား ဆွဲထားခဲ့ရာ မောင်းပြေးသည့်ဆိုင်ကယ်မှာ အခြားဆိုင်ကယ်တစ်စီးနှင့်တိုက်၍ အမျိုးသမီး ပြုတ်ကျကျန်ခဲ့ကြောင်း၊ အမျိုးသားမှာ ထွက်ပြေးသွားသဖြင့် အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ အနီးနားရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ ချက်ချင်းပြန်လည် ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၈)စခန်းသို့ မေးမြန်းရာ “လင်မယားနှစ်ယောက်လို့ သိရပါတယ်။ ဆိုင်ကယ်ကလည်း သူတို့ဆိုင်ကယ်ပါ။ ယခင်ပြစ်မှုကျူးလွန်ထားခြင်း ရှိ၊ မရှိတော့ စစ်ဆေးနေတုန်းပဲ ဖြစ်ပါတယ်” ဟု ဒုဲရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

လုယက်သူများမှာ ကျော်သူဝင်း (၂၂နှစ်) နှင့် သီတာနှင်း (၁၉ နှစ်) တို့ဖြစ်ပြီး အောင်မြေသာစံမြို့နယ်၌ နေထိုင်ကြောင်း သိရကာ ၎င်းတို့ကို အမှတ် (၈) ရဲစခန်းတွင် (ပ) ၄၁၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။

Most Read

Most Recent