<

ရန်ကုန်တိုင်းအတွင်းရှိ မြို့များတွင် လျှပ်စစ်မီးကို လုံလောက်အောင် ပေးနိုင်သည့်အဆင့် တစ်ခုသို့ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား

ဇွန်လအတွင်းက ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-နေ၀န်းထက်)

ရန်ကုန်တိုင်းအတွင်းရှိ မြို့များတွင် လျှပ်စစ်မီးအား လုံလောက်အောင် ပေးနိုင်သည့် အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အခုအခြေအနေမှာတော့ လျှပ်စစ်မီးကို လုံလောက်အောင်ပေးနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ ဖြစ်ပါတယ်။ လျှပ်စစ်မီး မရသေးတဲ့နေရာတွေ၊ လျှပ်စစ်မီးကိုတိုးပြီး ကျေးလက်ဒေသအထိ ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်မီးပေးနိုင်ဖို့ ကဏ္ဍတွေကတော့ ဆက်လက်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ မြို့ပြတွေမှာ လျှပ်စစ်မီး လုံလုံလောက်လောက် ဖြန့်ဝေပေးနိုင်ဖို့အတွက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် လျှပ်စစ်မီးအား ပြည်သူလူထုအတွက် နိုင်ငံတော်မှ အရှုံးခံကာ မီးပေးနေရသည့် အခြေအနေမျိုး ရှိနေကြောင်း၊ လျှပ်စစ်မီးသည် များများဖြန့်ဝေပါက များများရှုံးသည့် အခြေအနေမျိုး ဖြစ်နေကြောင်း၊ လျှပ်စစ်မီးနှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ ပေးနိုင်ရန်အတွက် စိစစ်သုံးသပ်ကာ ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေများကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရအကြား ဆွေးနွေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လျှပ်စစ်မီးမှာ ကဏ္ဍသုံးခုလောက် ရှိပါတယ်။ လျှပ်စစ်ရအောင်လုပ်ပေးတဲ့ အပိုင်းရယ်၊ နောက်တစ်ခုက သွယ်တန်းတဲ့အပိုင်း ရှိပါတယ်။ ရောင်းချတဲ့အပိုင်း ရှိပါတယ်။ ဒီနေရာတွေမှာ ဓာတ်အားခွဲရုံတွေကို တည်ဆောက်ပြီး ဖြန့်ချိရတဲ့အပိုင်း ရှိပါတယ်။ တစ်ဖက်မှာ သွယ်တန်းရေးအပိုင်း ရှိပါတယ်။ ဒီနေရာမှာ ဓာတ်အားခွဲရုံတွေ စနစ်တကျ မရှိတဲ့အတွက် မီးအားမတည်ငြိမ်မှုတွေကြောင့် ပေါ်ပေါက်တဲ့ ပြဿနာရပ်တွေကို ကြုံနေရတုန်း ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယင်းအခြေအနေများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများကို ရှင်းလင်းနိုင်ရန် မြို့နယ်တစ်ခုချင်းစီအလိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မီးကြိုးများ၏ အားနည်းချက်ကြောင့် ပေါ်ပေါက်နေသည့် ပြဿနာရပ်များလည်းရှိကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“မီးကြိုးတွေပြတ်ကျတဲ့ အခြေအနေကြောင့် အသက်ဆုံးရှုံးတာတွေလည်း ရှိပါတယ်။ ဒါကြောင့် မီးကြိုးတွေကို အသစ်လဲနိုင်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ မီးကြိုးတွေ အသစ်လဲ ဆောင်ရွက်ဖို့ဆိုတာ ကြီးမားတဲ့ ဘတ်ဂျက် ကုန်ကျစရိတ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို ပုဂ္ဂလိကကဏ္ဍနယ်ပယ်နဲ့ ပူးပေါင်းပြီး မြန်မြန်ဆောင်ရွက် နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီကဏ္ဍတွေကိုလည်း ပြောင်းလဲနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

 

August 25, 2018














Copy Protected by Chetan's WP-Copyprotect.