<

ရန်ကုန်မြို့သည် ဥပဒေစိုးမိုးမှု ပျက်ပြားသော အခြေအနေ၌ ရှိမနေဘဲ တည်ငြိမ်အေးချမ်းသော အခြေအနေတွင် ရှိနေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းဒေသေကြီး အစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ရန်ကုန်မြို့သည် ဥပဒေစိုးမိုးမှု ပျက်ပြားသည့် အခြေအနေတွင် ရှိမနေဘဲ တည်ငြိမ်အေးချမ်းပြီး လူများသွားလာနိုင်သည့် အခြေအနေတွင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ဟာ ဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့အခြေအနေ၊ ဘာသာပေါင်းစုံ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေတဲ့ ရန်လိုနေတဲ့မြို့တွေထဲမှာ မရှိဘဲ တည်ငြိမ်အေးချမ်းပြီး လူတွေသွားလာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ ရန်ကုန်မြို့ဟာ လူတွေအတွက် ကျီးလန့်စာစား ဖြစ်နေတဲ့မြို့ထဲမှာတော့ လုံးဝမရှိတာ သေချာပေမဲ့ ဥပဒေစိုးမိုးမှု ပိုဖြစ်ဖို့ လုပ်ရဦးမှာဖြစ်ကာ အဲဒီထဲမှာ အဂတိ လိုက်စားမှု ကိစ္စတွေပါ ပါဝင်တယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သို့သော် အချို့သောလမ်းများ၊ အချို့သော ကျူးကျော်နေရာများတွင် ရာဇ၀တ်မှုများ ပေါ်နိုင်သည့်အတွက် အဆိုပါ နေရာများတွင် မှုခင်းကြိုတင် ကာကွယ်မှုများ ဆောင်ရွက်ရန်နှင့် လူထုပူးပေါင်း ပါဝင်သည့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရဲဆိုတာ တစ်ချိန်တုန်းက ပြည်သူလူထုက ဆန့်ကျင်ဘက်အမြင်တွေ မြင်ခဲ့တာပါ။ အခုအချိန်မှာ ရဲနဲ့ ပြည်သူလူထုကြားမှာ ချိတ်တွဲနိုင်ပြီး သတင်းအချက်အလက်တွေအပေါ်မှာ ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးမှုကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးသည် ရဲတပ်ဖွဲ့ကိစ္စတစ်ခုတည်း မဟုတ်ကြောင်း၊ ဌာနဆိုင်ရာ အသီးသီးမှ ပြဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း အားလုံးကို စိုးမိုးအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါ ကိစ္စထဲတွင် အဂတိလိုက်စားမှု ကိစ္စရပ်များလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်တိုင်းဟာ ရဲအင်အား ၇၅ ရာခိုင်နှုန်း အထက်ထိ ရှိထားပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ ၆၀ ရာခိုင်နှုန်းကျော်လောက်သာ ရရှိကြတဲ့အတွက် ရဲအင်အား ထပ်တောင်းဖို့တော့ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် CCTV ကင်မရာတွေ တပ်ဆင်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်။ လုယက်မှု ဖြစ်ပွားတာတွေများတဲ့ စက်မှုဇုန် အတော်များများမှာတော့ CCTV ကင်မရာတွေ တပ်ဆပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေး၊ လွှတ်တော်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူထူပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် CCTV ကင်မရာများမှတဆင့် အရေးကြီးသည့် မှုခင်းဖြစ်ရပ်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးကဆိုသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ထောက်ပံ့ထားတဲ့ ၂၀၁၇၊ ၂၀၁၈ ကနေ ထောက်ပံ့ထားတာက သိန်း ၉၀၀၀ ရှိပါတယ်။ အဲဒါတွေကို မြို့နယ်တွေကို ပြန်ချပေးပြီးတော့ မြို့နယ်တွေမှာ CCTV ကင်မရာတွေကို ခရိုင်အလိုက် မြို့နယ်အလိုက် တပ်ဆင်ထားပါတယ်။ မြို့ထဲကို ပိုမိုတပ်ဆင်ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေတယ်” ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

 

August 25, 2018














Copy Protected by Chetan's WP-Copyprotect.