<

ဘီးလင်းမြစ် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ပေးရန် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးတွင် တင်ပြမည်ဟုဆို

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် ရေကျော်ခဲ့စဉ်

နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသည့် မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်အား ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ပေးရန် လာမည့် သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ဘီးလင်းမြစ် ရေကြီးရေလျှံမှုကြောင့် အဆိုးဆုံး အခြေအနေကတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်တဲ့အထိ ကြုံတွေ ကြရတဲ့အတွက်ကို ဘီးလင်းမြစ်ရဲ့ အခြေအနေကိုတော့ အမြန်ဆုံး ကုစားနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘီးလင်းမြို့နယ် အတွင်းမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းနဲ့ ရန်ကုန်-မော်လမြိုင် ရထားလမ်းတွေမှာ ရှိနေတဲ့ ချောင်း၊ မြောင်းတွေကို ချဲ့ထွင်တာတွေ၊ ရေနုတ်မြောင်းတွေကို အသစ်ဖောက်လုပ်တာတွေကို ဆောင်ရွက်စေဖို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင်ကို ပြည်ထောင်စုကို ဆက်လက်တင်ပြနိုင်ဖို့ ကျွန်တော့်ဆီမှာရှိနေတဲ့ ဆည်မြောင်းဦးစီးဌာနတို့၊ မြစ်ချောင်းဖွံ့ ဖြိုးရေး ဦးစီးဌာနတို့အပြင် လမ်းဦးစီးဌာနတို့၊ ကျန်တဲ့ဆက်စပ်ဌာနတွေကို ခေါ်ယူတွေ့ဆုံပြီးတော့မှ ဆောင်ရွက်မယ့် အစီအမံလေးတွေကို ကြိုတင်ပြီးတော့မှ စူးစမ်းလေ့လာခြင်း လုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းဌေးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘီးလင်းမြစ်ရဲ့ အထက်ပိုင်းမှာ သတ္တုတွေ တူးဖော်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အထူးသဖြင့် ရွှေတူးတဲ့ကိစ္စတွေကလည်း အင်မတန်များပြားတဲ့အခါ ကျတော့ ပိုကျလာတဲ့ နုန်းအနည်အနှစ်တွေက ဘီးလင်းမြစ် တစ်လျှောက်လုံးမှာ တော်တော်လေးတော့ ပြည့်နေတယ်။ နာရီပိုင်း အတွင်းမှာ မိုးတအားရွာတဲ့ အခါကျတော့ ရေကလျှံထွက်လာတဲ့ အနေအထားမျိုးကို တွေနေရတယ်။ အဲဒီအတွက်ကြောင့် ဘီးလင်းမြစ်ရဲ့ အောက်ပိုင်းမှာ ရထားလမ်း၊ ကားလမ်းရဲ့ အောက်ဘက် နှင်းပုလဲနှင့် ဒုန်းဝန်းကြား အမြဲတမ်း ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် ဘီးလင်းမြစ်ရဲ့ သင့်တော်တဲ့ မြစ်ကြောင်းနေရာ နှစ်ဖက်ကို တစ်ဖြောင့်တည်း ဖောက်ပြီးတော့မှ ရေနုတ်မြောင်းအနေနဲ့ ဆက်သွယ် ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ရေစီးဆင်းမှုကို ကောင်းမွန်စေမယ်လို့ ယူဆထားပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရေကြီးရေလျှံမှုများ အမြဲတမ်း ဆိုးဆိုးရွားရွား ခံစားနေရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်နေရာရှိကြောင်း၊ အဆိုပါနေရာ ခြောက်နေရာတွင် ရေကြီးရေလျှံမှု လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးသင့်သည့် မြစ်များ၊ ချောင်းများကို သုံးသပ်ပြီး အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးတွင် တင်ပြကြမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၏ ပြောကြားချက်များအရ သိရသည်။

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုပြီး ဘီးလင်းမြို့ အပါအ၀င် ဘီးလင်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် ရေကျော်ခဲ့သည့် အတွက် ဇူလိုင် ၂၆ ရက် ညပိုင်းမှ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းအထိ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ပြီး ယာဉ်အစီးရေ ရာနှင့်ချီပြီး ခရီးသည် ထောင်နှင့်ချီကာ စောင့်ဆိုင်းနေခဲ့ရကြောင်းနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း၌ တံတားများ ရေစီးအားကြောင့် ပျက်စီးမှုများ ရှိခဲ့သည့်အတွက် ရထားလမ်းကိုလည်း ပိတ်ထားခဲ့ရကြောင်း သိရသည်။

August 25, 2018














Copy Protected by Chetan's WP-Copyprotect.