ဧရာဝတီမြစ် မန္တလေး-ညောင်ဦး ရေလမ်းတွင် ချထားမည့် ရေကြောင်းပြ အမှတ်အသားများကို ရေယာဉ်မောင်းသူများ သိရှိရန် သင်တန်းပေး

ဧရာဝတီမြစ် မန္တလေး-ညောင်ဦး ရေလမ်းတွင် ချထားမည့် ရေကြောင်းပြ အမှတ်အသားများကို ရေယာဉ်မောင်းသူများ သိရှိရန် သင်တန်းပေး
Published 26 August 2018

မန္တလေးနှင့် အင်းဝကြား ရေလမ်းကြောင်း၌ ရေလမ်းညွှန် အမှတ်အသားများ စမ်းသပ်ချထားစဉ်

ဧရာဝတီမြစ် ရေလမ်းကြောင်းဖွံ့ဖြိုး ကောင်းမွန်ရေးနှင့် ရေယာဉ်များ ၂၄ နာရီ မြင်တွေ့သွားလာနိုင်မည့် အဆင့်မြင့်ရေလမ်းကြောင်းပြ အမှတ်အသား ချထားခြင်းများကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မန္တလေးနှင့် အင်းဝကြား ရေလမ်းကြောင်း၌ ရေလမ်းညွှန် အမှတ်အသားများ စမ်းသပ်ချထားသည့်အတွက် ချထားသည့် အမှတ်အသားများကို ရေယာဉ်မောင်းသူများ သိရှိနားလည်ရန် သင်တန်းပေး ရှင်းလင်းခြင်းကို သြဂုတ် ၂၅ ရက်က မန္တလေးကမ်းနားလမ်းရှိ Ayarwaddy River Views Hotel တွင် ကျင်းပခဲ့သည်။

မန္တလေးနှင့် ညောင်ဦးရေလမ်းကြောင်းအတွင်း ချထားသွားမည့် နေ့မြင် ညမြင် ရေလမ်းညွှန် အမှတ်အသား လေးမျိုးနှင့် ပတ်သက်ကာ ရေယာဉ်မောင်းများ သိရှိနားလည်ရန် သင်တန်းပေးခြင်းဖြစ်ပြီး အမှတ်အသား အရောင်၊ ပုံသဏ္ဌာန်နှင့် အချက်ပြမီးစနစ် များအလိုက် သင်္ဘောခုတ်မောင်းရမည့် လမ်းကြောင်းမှန်ကန်ကာ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြစ်အတွင်းမှာ ၂၀ ရက်နေ့ကစပြီး အဆင့်မြင့်ရေလမ်းပြ အမှတ်အသားချထား ခြင်းကို ဆောင်ရွက်ခဲ့တယ်။ အခုမိုးတွင်းကာ လမှာ ကနဦးချထားခြင်းအနေနဲ့ မန္တလေးနဲ့ အင်းဝကြားရေလမ်းမှာ အခု ၂၀ ချမှာ ဖြစ် တယ်။ လက်ရှိမှာက မင်းကွန်းအောက်ဘက် မန္တလေးရေလမ်းမှာ ရေနက်ကြောင်းပြ ရေလမ်းညွှန် ၁၀ ခုကို ချထားခဲ့တာဖြစ်ပြီး နောက်ထပ် အနီ၊ အစိမ်း အမှတ်အသားတွေကို လည်း ချထားမှာဖြစ်တဲ့အတွက် ရေယာဉ် မောင်းတွေက အမှတ်အသားကို တွေ့တာနဲ့ ဘယ်ကမောင်းရမလား၊ ညာဘက်ကမောင်း ရမလားဆိုတာတွေ၊ ညပိုင်းမှာ အချက်ပြမီး စနစ်ကွာခြားပုံတွေကိုကြည့်ပြီး သိနိုင်ဖို့အတွက် ချထားမယ် အမှတ်အသားလေးမျိုးရဲ့ ပုံသဏ္ဌာန်နဲ့ ဘယ်ပုံဆို ဘာအမှတ်အသားသိ အောင် ရေယာဉ်မောင်းတွေကို သင်တန်း ပေးဆောင်ရွက်တာပါ” ဟု ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေလမ်းညွှန်ဌာနခွဲ အထက်မြန်မာ ပြည်မှ ဒုညွှန်ကြားရေးမှူး ဦးခင်မောင်ဇော် က ပြောကြားသည်။

ချထားမည့် အမှတ်အသားလေးမျိုးမှာ ရေနက်ကြောင်းပြ အမှတ်အသား၊ အန္တရာယ်ပြ အမှတ်အသားနှင့် ရေစီးကြောင်း အနား သတ်၌ချထားမည့် အနီ၊ အစိမ်း အချက်ပြ လမ်းညွှန်များဖြစ်ပြီး ရေယာဉ်မောင်းများ အနေဖြင့် ရေနက်ကြောင်းပြ အမှတ်အသား ဖြူနီအစင်းကြားကိုတွေ့ပါက ယင်းအမှတ် အသားတစ်ဝိုက်တွင် ခုတ်မောင်းနိုင်မည်ဖြစ် ပြီး၊ အန္တရာယ်ပြအမှတ်အသား အဖြူ၊ အနက်အမှတ်သားမှာ အန္တရာယ်ရှိသည့် နေရာတွင် ချထားပေးမည်ဖြစ်ကာ၊ ရေစီးကြောင်း အနားသတ် အမှတ်အသား အနီရောင်မှာ  သင်္ဘော ဘယ်ဘက်ခြမ်းတွင် ထားရှိမောင်းနှင်ရမည်ဖြစ်ကာ အစိမ်းရောင်မှာ သင်္ဘောညာဘက်ခြမ်းတွင် ထားရှိမောင်းနှင်ရမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အဆင့်မြင့် ရေလမ်းညွှန် အမှတ်အသားများကို မန္တလေးနှင့် ညောင်ဦးကြား ရေလမ်းတစ်လျှောက်တွင် ၂၀၁၈ ခုနှစ် ရေနည်းကာလ၌ အပြီးချထား ဆောင်ရွက်သွားမည်ဖြစ်က နောင်နှစ်များတွင် မန္တလေး မှ ရန်ကုန် ရေလမ်းတစ်လျှောက် ထားရှိရန် လျာထားပြီး ကြားကာလတွင် ယင်းအဆင့်မြင့် အမှတ်အသားများ ချထားနိုင်ခြင်း မရှိသည့် မြစ်အစိတ်အပိုင်း ရေလမ်းများတွင် ဌာနမှချထား ဆောင်ရွက်လျက်ရှိသည့် ဝါးဖြင့်ပြုလုပ်သည့် ရေလမ်းညွှန် အမှတ်အသားများကို ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent