<

ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ မြန်မာကြွယ်ဝ ကုမ္ပဏီတွင် မိုင်းခွဲပြီး မိုင်းကြိုးများရုပ်သိမ်းချိန်တွင် ကမ်းပါးပြိုကျသဖြင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးနှင့် ရေမဆေးကျောက်ရှာသူတစ်ဦး ရေကန်အတွင်း နစ်မြုပ်ပျောက်ဆုံး

ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ မြန်မာကြွယ်ဝ ကုမ္ပဏီတွင် မိုင်းခွဲပြီး မိုင်းကြိုးများရုပ်သိမ်းချိန်တွင် ကမ်းပါးပြိုကျသဖြင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးနှင့် ရေမဆေးကျောက် ရှာသူတစ်ဦး ရေကန်အတွင်း နစ်မြုပ်ပျောက် ဆုံးမှု သြဂုတ် ၂၄ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ မြန်မာကြွယ်ဝ ကုမ္ပဏီတွင် မိုင်းခွဲပြီး ငါးမိနစ်ခန့်အကြာတွင် ကုမ္ပဏီဝန်ထမ်းက ကမ်းပါးအနီးရှိ မိုင်းကြိုးများရုပ်သိမ်းချိန်တွင် ကမ်းပါးပြိုကျသဖြင့် မိုင်းကြိုးသိမ်းသူ  တောင်ကြီးမြို့၊ ကျံပျော်ရပ်နေ အသက် ၃၈ နှစ်အရွယ်ရှိ ကရင်တိုင်းရင်းသား ဦးသိန်းထွန်းဦးနှင့် ကမ်းပါးအောက်တွင် ရေမဆေးလာရှာသူ ပုလဲမြို့စနယ်ကျေးရွာနေ ဦးလူမြင့်၏သားဖြစ်သူ အသက် ၂၃ အရွယ်ရှိ ဗမာတိုင်းရင်းသား မောင်အောင်သူတို့မှာ ပေ ၂၀၀ အမြင့်ရှိ ကမ်းပါးမှ ပေ ၁၀၀ ခန့်အနက်ရှိသော ရေကန်အတွင်းသို့ မြေသားများနှင့်အတူ ပြိုကျရာတွင် ပါသွားကြောင်း သိရသည်။

ရေမဆေးရှာသူ ကိုသိန်းထွန်းက “မိုင်းခွဲပြီး နည်းနည်းလေးကြာမှ ကမ်းပါးပြိုတာ။ ရေမဆေးသမားက အ၀င်ပေါ့။ ကမ်းပါးစောက်မှာ ခေါင်းကျင်းလုပ်ထားကြတာလေ။ အပေါ်မှာက မိုင်းခွဲတဲ့သူတွေက ကြိုးသိမ်းနေတဲ့အချိန်ပြိုတော့ နှစ်ယောက်စလုံး ရေအောက် ရောက်သွားတာ။ ဆယ်ဖို့မဖြစ်နိုင်ဘူး။ မြေသားထူးတယ်လေ။ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မိုင်းခွဲတာ ကျောက်စင်ပြီး တစ်ယောက်သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ လူတွေက အတင်းတိုးကြတာ” ဟု ပြောကြားသည်။

မြေပြိုရာတွင် ပါသွားသူများကို ရှာဖွေရန် လက်ရှိတွင် အခက်အခဲရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ဝမ်းလေးကျေးရွာ ရာအိမ်မှူး ဦးဇော်ရာက “ဖြစ်တာက မနက် ၉ ခွဲလောက်မှာဖြစ်တာ။မြန်မာကြွယ်ဝ ကုမ္ပဏီလုပ်ကွက်ကနေ ကပ်လျက်က ကျင်းတူးပြီးသား KNDPC လို့ခေါ်တဲ့ ကချင်အမျိုးသားများ တိုးတက်ရေးလုပ်ကွက် ရေကန်ထဲပြိုကျတာ။ ကုမ္ပဏီလုပ်သားတစ်ဦးက မိုင်းခွဲပြီး ကြိုးသိမ်းချိန်မှာ ကမ်းပါးစပ်ကို ရောက်လာတာပေါ့။ မြေကအက်ကြောင်း ရှိနေမှာပေါ့။ အောက်မှာလည်း ခေါင်းပြီး ရေမရှာသူကလည်း အ၀င်မှာ မြေပြိုတာ။ ရှာသေးတယ်။ ရေက ပေ ၁၀၀ လောက် နက်တယ်။ အမြင့်ကမ်းပါး ပေ ၂၀၀ လောက်ဆိုတော့ ရှာဖို့မလွယ်တော့ဘူး။ ရေမဆေးတဲ့ ကလေးက ရွာမော်ဝမ်းလေးမှာ နေတဲ့ကလေးပါ။ ပုလဲမြို့နယ်စနယ်ကျေးရွာက။ ကုမ္ပဏီဝန်ထမ်း တောင်ကြီးမြို့၊ ကျုံပျော်ရပ်ကွက်ကတဲ့။လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မိုင်းခွဲပြီးစကမ်းပါးကပ်ပြီး မြေစာပစ်တာ ကမ်းပါးပြိုပြီး ကားဆွဲချ သေးတယ်။ မိုင်းခွဲပြီး ကျောက်ခဲမှန်တာက ရွာနဲ့ကပ်လျက်က မှော်ဝမ်းကြီးမှာဖြစ်တာ ရက်ပိုင်းပဲ ရှိသေးတယ်” ဟု ဆိုသည်။

ဖားကန့်ဒေသတွင် ၂၀၁၈ ခုနှစ်အတွင်း မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးသူပေါင်း ၁၃၀ နှင့်အထက်ရှိနေပြီဖြစ်ကြောင်း လူမှုအသင်းအဖွဲ့မှတ်တမ်းများအရ သိရသည်။

ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) အနေဖြင့် ကုမ္ပဏီလုပ်ကွက်များ၏ကျောက်မိုင်းခွဲချိန်အား သုံးကြိမ်သာ သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် အချိန်တစ်နာရီ ပေးထားကြောင်း၊ ယင်းအချိန်များမှာ နံနက် ၆ နာရီမှ ၇ နာရီအတွင်း တစ်ကြိမ်၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၅ နာရီအတွင်း တစ်ကြိမ် တစ်နေ့လျှင် သုံး ကြိမ်နှုန်းဖြင့် နေ့အချိန်တွင်သာ မိုင်းခွဲရန် ခွင့်ပြုထားကြောင်း သိရသည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အများအပြားရှိသည့် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိပ်မူကျေးရွာအုပ်စုတို့ရှိ ကျေးရွာများမှာ ကျောက်မိုင်းဒဏ်ကို အဓိကခံစားနေရပြီး လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ မဇွပ်ယန်ကျေးရွာမှ ဒေသခံများမှာ ကျောက်မိုင်းခွဲမှု အခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့  ၂၀၁၇ ခုနှစ်က တင်ပြမှုများရှိခဲ့ကြောင်း သိရသည်။

August 25, 2018














Copy Protected by Chetan's WP-Copyprotect.