ထားဝယ်မြို့ရှိ သတ္တုမိုင်းတစ်ခု၌ ယမ်းဖောက်ခွဲရာတွင် အသုံးပြုသည့် ဒီတိုနေတာ အချောင်း ၁၆၀၀ နှင့် ကြိုးများ ပျောက်ဆုံးမှုဖြစ်ပွား

ထားဝယ်မြို့ရှိ သတ္တုမိုင်းတစ်ခု၌ ယမ်းဖောက်ခွဲရာတွင် အသုံးပြုသည့် ဒီတိုနေတာ အချောင်း ၁၆၀၀ နှင့် ကြိုးများ ပျောက်ဆုံးမှုဖြစ်ပွား
Published 25 August 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့ရှိ သတ္တုမိုင်းတစ်ခု၌ သြဂုတ် ၂၂ ရက်က ယမ်းဖောက်ခွဲရာတွင် အသုံးပြုသော ဒီတိုနေတာအချောင်း ၁၆၀၀ နှင့် ကြိုးများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဒေသတွင်း စုံစမ်းရှာဖွေမှုများဆောင်ရွက်နေကြောင်း သိရသည်။

ထားဝယ်မြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ဟာမြင်းကြီးရွာ၌ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့်ဖက် စပ်လုပ်ကိုင်နေသော ထွန်းကြယ်တစ်ပွင့်ကုမ္ပဏီနှင့် ငွေထွန်းတောက်ကုမ္ပဏီတို့မှ သြဂုတ်  ၂၂ ရက် ညနေ ၃ နာရီကျော်တွင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ထိန်းသိမ်းထားသော ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား ယမ်းတိုက်မှ ထုတ်ယူရန် သတ္တုတွင်း နောက်ချန်တာဝန်ခံ၊ ငွေထွန်းတောက်ကုမ္ပဏီ ယမ်းတိုက်တာဝန်ခံ နှင့် ထွန်းကြယ်တစ်ပွင့်ကုမ္ပဏီမှ တာဝန်ခံတို့ ယမ်းတိုက်သို့ သွားရောက်ရာ ယမ်းတိုက်အခန်း၏ အတွင်းအပြင်တံခါးများရှိ သော့များပျက်စီးနေပြီး ယမ်းတိုက်အတွင်းမှ ကျပ် ၁၆၂၀၀၀ တန်ဖိုးရှိ ဒီတိုနေတာ NO.8 1200 ချောင်း၊ ကျပ် ၆၇၅၀၀ တန်ဖိုးရှိ MS Delay Electric ဒီတိုနေတာ 3 ၁၀၀ ချောင်း၊ ကျပ် ၂၀၂၅၀၀ တန်ဖိုးရှိ MS Delay Electric ဒီတိုနေတာ -5  ၃၀၀ ချောင်းနှင့် ကျပ် ၂၃၆၂၅ တန်ဖိုးရှိ Detonation Coed 50 မီတာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏မှုခင်းမှတ်တမ်းများအရ သိရသည်။

“ဒီတိုနေတာဆိုတာက အဲဒီယမ်းကို စတင်ခွဲမယ့် မီးခြစ်ဆန်လိုဟာမျိုးပေါ့။ စနက်တံလို သဘောမျိုးပေါ့။ အဓိပ္ပာယ်ပြောရရင်တော့။ ဘက်ထရီကနေ ခတ်လိုက်လို့ အဲဒီ ဒီတိုနေတာလေးကွဲမှ ယမ်းတွေက ထပေါက်ကွဲပြီး ယမ်းရဲ့အပြင်က ကာထားတဲ့ကာဗာတွေက အစိတ်စိတ်အမြွှာမြွှာကွဲပြီး လူတွေကို ထိမှန်တာပေါ့။ ပမာဏကတော့ Detonator အချောင်း ၁၆၀၀ ပေါ့။ အမျိုးအစား အမျိုးမျိုး ရှိတယ်။ ပြောရမယ်ဆို နာရီထဲထည့်တဲ့ဓာတ်ခဲဆိုက်ရှိတယ်။ ရီမုထဲ ထည့်တဲ့ဓာတ်ခဲဆိုက်ရှိတယ်။ အလုံးအကြီး အသေးဆိုက် လေးမျိုးလောက်ထဲက အချောင်းပေါင်း ၁၆၀၀ ပေါ့။နောက်ပြီးတော့ကြိုးပေါ့။ ဝိုင်ယာကြိုးလိုဟာမျိုးက မီတာ ၅၀။ သော့ကိုရိုက်ဖျက်ထားတာပေါ့။ အပြင်တံခါးသော့။ အတွင်းတံခါးကျတော့ သော့ကို ရိုက်မဖျက်ဘဲနဲ့ တံခါးပတ္တာကိုဖျက်ပြီး ဒီတိုနေတာကို ခိုးသွားတာ။ တရားခံတွေတော့ မမိသေးဘူး။ စုံစမ်းဆဲပဲ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲအရာရှိကြီးတစ်ဦးက သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြားသည်။

ယင်း Detonator များနှင့် ကြိုးများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှ အခင်းဖြစ်နေရာကို သွား ရောက်စစ်ဆေးခဲ့ပြီး  ဟာမြင်းကြီးရွာနှင့် အနီးဝန်းကျင်ရှိရွာများတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် ဖြန့်ကြက်၍ ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ နေရာဝန်းကျင်မှ သတ္တုမိုင်း လုပ်ကိုင်နေသည့်နေရာများနှင့် သံသယဖြစ်ဖွယ်နေရာများကို လိုက်လံစုံစမ်း ရှာဖွေနေသည့်အပြင် ဒေသအတွင်း၌လည်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ၍ ဒေသတွင်းရဲတပ်ဖွဲ့ဝင်များဖြင့် ဖြန့်ကြက်ကာ စုံစမ်းစစ်ဆေးရှာဖွေနေပြီး Detonator ပျောက်ဆုံးမှုဖြစ်ခဲ့သည့်ကုမ္ပဏီမှ ဝန်ထမ်းကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ၎င်း ရဲအရာရှိကြီးက ပြောကြားသည်။

ပျောက်ဆုံးခဲ့သည့် ယင်းပစ္စည်းများမှာ တန်ဖိုးအားဖြင့် နည်းပါးသော်လည်း မိုင်းဖောက်ခွဲမှုအတွက် အသုံးပြုရာ၌ လိုအပ်သည့်ပစ္စည်းတစ်ခု ဖြစ်ကြောင်း၊ ၎င်း သတ္တုမိုင်းမှာ အမှတ် ၂ သတ္ထုတွင်းလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်နေပြီး ဒီတိုနေတာများ ထားရှိသည့် ယမ်းတိုက်သော့မှာလည်း ကုမ္ပဏီတာဝန်ခံများနှင့် အမှတ် ၂ သတ္တုတွင်း တာဝန်ခံတို့တွင်သာရှိပြီး ၎င်း သော့များရှိမှသာ ယမ်းတိုက်အား ဖွင့်၍ရသည်ဟုသိရသည်။ Detonator များနှင့် ကြိုးများ ပျောက်ဆုံးမှုအတွက် သြဂုတ် ၂၃ ရက်က ထားဝယ်မြို့မရဲစခန်းတွင် (ပ)၁၆၄၀/၂၀၁၈၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု (ယာယီ) အက်ဥပဒေပုဒ်မ ၂ (၁)(က)ဖြင့် အမှုဖွင့်လှစ်ထားပြီး စုံစမ်းရှာဖွေနေကြောင်းသိရသည်။

Most Read

Most Recent