နိုင်ငံခြားငွေလဲနှုန်းကိစ္စ ပစ်မထားဘဲ ကျိတ်၍ဖြေရှင်းနေကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြားခဲ့ပြီး ဒေါ်လာဈေး တည်ငြိမ်မှုမရှိဘဲ ကုန်ဈေးနှုန်းဆက်မြင့်မည့် စိုးရိမ်စရာအခြေအနေဖြစ်နေဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ တုံ့ပြန်

နိုင်ငံခြားငွေလဲနှုန်းကိစ္စ ပစ်မထားဘဲ ကျိတ်၍ဖြေရှင်းနေကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြားခဲ့ပြီး ဒေါ်လာဈေး တည်ငြိမ်မှုမရှိဘဲ ကုန်ဈေးနှုန်းဆက်မြင့်မည့် စိုးရိမ်စရာအခြေအနေဖြစ်နေဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ တုံ့ပြန်
Published 25 August 2018

လက်ရှိဖြစ်ပွားနေသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ထိုးကျနေသည့်  နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စကို ပစ်မထားဘဲ ကျိတ်၍ဖြေရှင်းနေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သြဂုတ် ၂၄ ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ ကျင်းပသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲ (၁၉) ကြိမ်မြောက်တွင် ပြောကြားပြီး လက်ရှိတွင် ဒေါ်လာဈေးတည်ငြိမ်မှုမရှိဘဲ ဈေးနှုန်း ဆက်လက်မြင့်တက်နေပြီး ကုန်ဈေးနှုန်း ဆက်လက်မြင့်တက်မည့် စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက တုံ့ပြန်ပြောကြားသည်။

“အများအားဖြင့် ပြောကြတာတော့ ဒီ Rate of Exchange ကို ပြောကြပါတယ်။ လူတိုင်းက Very Very Sensitive ပါ။  ဒီ  Rate of Exchange က ကျွန်တော်တို့ချည်းပဲ လုပ်လို့မရပါဘူး။ International ဆိုတဲ့ Global Sight ဘက်ကရှိသလို ပြည်တွင်းကိစ္စတွေလည်း ရှိပါတယ်။ အဲဒီတော့ ပြည်တွင်းကိစ္စတွေမှာလည်း ဗဟိုဘဏ်ချည်း လုပ်လို့မရဘူး။ စီမံ/ဘဏ္ဍာချည်း လုပ်လို့မရဘူး။ စီးပွား/ကူးသန်းချည်း လုပ်လို့မရဘူး။ သက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်တွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်မှရမယ်။ ဒါကြောင့်မို့ အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စမှာ တတ်နိုင်သလောက် ညွှန်ကြားချက်တွေအရ စီးကူးဝန်ကြီးရယ်၊ ကျွန်တော်တို့ရယ်၊ ဗဟိုဘဏ်ရယ်စုပြီးတော့ အစည်းအဝေး အမြဲတမ်း အမြဲတမ်း လုပ်နေပါတယ်။ ပစ်ထားတာ မဟုတ်ပါဘူး။ သို့သော် မပြောသင့်တဲ့ကိစ္စလေးတွေ မပြောဘဲနေတာက ကျွန်တော်တို့ ဘာမှမလုပ်ဘဲနေသလားတော့ မထင်လိုက်ပါနဲ့။ ကျွန်တော်တို့ ကျိတ်လုပ်နေတယ် ဆိုတာတော့ ဒီမှာ အသိပေးချင်ပါတယ်”  ဟု ဦးစိုးဝင်းက ပြောကြားသည်။

လတ်တလော နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စတွင် မြန်မာကျပ်ငွေတန်ဖိုးမှာ အခြားနိုင်ငံများတွင် ကျဆင်းသည်ထက် ပိုမိုကျဆင်းခဲ့ပြီး နိုင်ငံအားလုံးကျဆင်းမှုပျမ်းမျှ ခြောက်ရာခိုင်နှုန်းသာ ရှိနေချိန်တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုမှာ ၁၃ ရာခိုင်နှုန်းခန့်အထိ ဆိုးရွားစွာကျဆင်းခဲ့သည်။

“မြန်မာကျပ်ငွေတန်ဖိုး လျော့ကျတာကို  သက်သာမှုရှိစေဖို့ ဘယ်အချက်တွေကို ဗဟိုဘဏ်က ဖြေရှင်းဆောင်ရွက်ပေးနိုင်တယ်၊ ဘယ်အချက်တွေကရှိနေတဲ့ ပကတိအခြေအနေအတိုင်း လက်ခံရမယ်ဆိုတာ ခွဲခြားပြီး ပွင့်လင်းမြင်သာစွာ ရှင်းပြသွားမှာဖြစ်ပါတယ်။ ပထမအချက်က External Factor ဖြစ်တဲ့ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်က ပို့ကုန်/သွင်းကုန် မမျှတမှုကြောင့် စီးပွားရေးအခြေအနေ အချိုးမညီမှုပြဿနာကို ထိန်းညှိမှုပြုလုပ်ဖို့ဖြစ်ပါတယ်။ စီးပွားရေး အခြေခံတွေ မျှတလာစေအောင် စီးပွားရေးမူဝါဒတွေနဲ့ ထိန်းညှိပြီး ဝန်ကြီးဌာနတွေ ပေါင်းစပ်အကောင်အထည်ဖော် သွားရမယ့်အချက်ဖြစ်ပါတယ်။ ဒီကိစ္စက ရေရှည်ဆောင်ရွက်သွားရမယ့် အချက်ဖြစ်လို့ အချိန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။ ခုကိစ္စမှာ ဗဟိုဘဏ်တစ်ခုတည်းကနေ အဓိကတာဝန်ယူ ဖြေရှင်းလို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထက် အင်အားကောင်းတဲ့ ဗဟိုဘဏ်တွေတောင် ဒီကိစ္စကို ဝင်ရောက်ဖြေရှင်း လို့မရနိုင်တာကို အားလုံးလက်ခံထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Temporary အမေရိကန် ဒေါ်လာ လိုအပ်ချက်တွေဖြစ်တဲ့ Seasonal Demand အရ လည်းကောင်း၊ Re-export ခွင့်ပြုပြီးလည်းကောင်း၊ Speculation ပြုလုပ်လာခြင်းကြောင့်လည်းကောင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို အတိုင်းအတာတစ်ခုအထိ သက်သာစေဖို့ ဗဟိုဘဏ်က ဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

ထိုသို့ နိုင်ငံခြားငွေလဲနှုန်းတွင် မြန်မာကျပ်ငွေတန်ဖိုး ၁၃ ရာခိုင်နှုန်းခန့် ဆိုးရွားစွာ ကျဆင်းလာမှုကြောင့် ကုန်စည်အများစုတွင်လည်း ခုနစ်ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကာ အခြေခံစားကုန်အဖြစ် ဆန်ဈေးနှုန်းများလည်း မြင့်တက်လာနေပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၀၀၀၀ အထိ မြင့်တက်လာခဲ့သည်။

“နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စက လတ်တလော ရိုက်ခတ်မှုတွေ များပါတယ်။ ဗဟိုဘဏ်အနေနဲ့လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ သို့သော်လည်း တည်ငြိမ်မလားလို့ စောင့်ကြည့်တယ်။ စီးပွား/ကူးသန်းအနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်နေပေမဲ့ ဒီနေ့အထိ ကျဆင်းမှုမရှိဘဲ မနေ့ကဆိုရင် တစ်ဒေါ်လာ ၁၅၃၀ အထိ ဖြစ်နေတယ်။ Cash ကို ရောင်းရင်လည်း ၁၅၂၅ အထိ ဖြစ်နေတယ်အတွက် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်မယ့် အနေအထားတွေ ဖြစ်နေတဲ့အတွက်ကြောင့် စိုးရိမ်စိတ်တွေက ဖြစ်နေဆဲပါ” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

 

Most Read

Most Recent