တစ်သျှူးငှက်ပျော စိုက်ခင်းများအား ဒေသအာဏာပိုင်များက ခွင့်ပြုထားသောဧက ၆၃၈၄ ရှိပြီး ခွင့်ပြုမိန့်မရရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ၄၃၉၆၁ ဧကခန့်တွင်လည်း လုပ်ကိုင်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ဒုတိယဝန်ကြီးဦးလှကျော် ပြောကြား

တစ်သျှူးငှက်ပျော စိုက်ခင်းများအား ဒေသအာဏာပိုင်များက ခွင့်ပြုထားသောဧက ၆၃၈၄ ရှိပြီး ခွင့်ပြုမိန့်မရရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ၄၃၉၆၁ ဧကခန့်တွင်လည်း လုပ်ကိုင်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ဒုတိယဝန်ကြီးဦးလှကျော် ပြောကြား
Published 25 August 2018

တစ်သျှူးငှက်ပျော စိုက်ခင်းများအား ဒေသအာဏာပိုင်များမှ ခွင့်ပြုထားသော ၆၃၈၄ ဧကရှိပြီး ခွင့်ပြုမိန့် မရရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ၄၃၉၆၁ ဧကခန့်တွင် လုပ်ကိုင်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးနိုင်ကိုကိုက ကချင်ပြည်နယ်လွှတ်တော်မှ ကွင်းဆင်းစစ်ဆေးခဲ့သည့် တရုတ်တစ်သျှူးငှက်ပျောပင် စိုက်ခင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရတွင်ရှိသည့် စာရင်းနှင့်မြေပြင်စာရင်းများ ကွဲလွဲနေပြီး အခွန်အခဘီလျံနှင့်ချီနစ်နာ နေခြင်း၊ လက်ရှိ စိုက်ပျိုးဧက ၄၀၀၀၀ ကျော်အနက် ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးလုပ်ဆောင်နေခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့အရေး ယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ဒုတိယဝန်ကြီးဦးလှကျော်က “ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မံစီ၊ မိုးမောက်၊ ဒေ့ါဖုန်းယန်မြို့နယ်များမှာ တစ်သျှူးငှက်ပျောသီးနှံများကို စိုက်ပျိုးကြပြီး ယခင်ဗဟိုအဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက ခွင့်ပြုထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၆၃၈၄ ဧကရှိပါတယ်။ ခွင့်ပြုမိန့်မရသေးတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေပေါ်မှာ ၁၉၆၈၉ ဧကခန့်၊ လယ်ယာမြေပေါ်မှာ ၁၇၅၂၂  ဧက၊ သစ်တောမြေတွေပေါ်မှာ ၆၃၆၅ ဧက၊ အခြားမြေတွေပေါ်မှာ ၃၈၅ ဧကဖြစ်လို့ စုစုပေါင်း ၅၀၃၄၅ ဧကခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိတာကို စိစစ်သိရှိရပါတယ်” ဟု အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

တစ်သျှူးငှက်ပျောများကို ပြည်တွင်းကုမ္ပဏီများမှ နယ်စပ်ဂိတ်များမှတစ်ဆင့် တစ်ဖက်နိုင်ငံ တရုတ်ပြည်သို့ တင်ပို့ရာတွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို မြစ်ကြီးနားမြို့နယ် အခွန်ဦးစီးဌာနရုံးတို့မှ ကောက်ခံလျက်ရှိကြောင်း၊ တစ်သျှူးငှက်ပျောစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များမှ ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးနေမှုများကို ဥပဒေနှင့်အညီဖြစ်စေရေး ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ၂၀၁၈ ခုနှစ် ဇွန် ၇ ရက်တွင် ဖွဲ့စည်းထားသောအဖွဲ့မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ဦးလှကျော်က ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့မှ ဖြေကြားချက်များအရ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင် အတွင်းတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိသည့် မြို့နယ်များရှိ လယ်ယာမြေများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသူများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသည့် လုပ်ငန်းရှင်များ၊ လျှောက်ထားဆဲ လုပ်ငန်းရှင်များ၊ ကျူးကျော်လုပ်ကိုင်နေသော ဒေသခံတောင်သူလယ်သမားများ၊ တစ်သျှူးငှက်ပျော စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို ခေါ်ယူတွေ့ဆုံပြီး ငှက်ပျောစိုက်ဧကစာရင်းနှင့် မြေရာဇဝင်များရယူကာ ယင်းမြေများအားဥပဒေနှင့် အညီဖြစ်စေရန် ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ပြည်နယ်ဝန်ကြီး အပါအဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ အဖွဲ့အနေဖြင့် တစ်သျှူးငှက်ပျော စိုက်ခင်းရှိသည့် ဒေသအားလုံးသို့ ကွင်းဆင်းစိစစ်ရန်မှာ လုံခြုံရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်ရှိသော နယ်မြေများ ပါရှိသည့်အတွက် အဆိုပါနယ်မြေများကို သတင်းစာရင်းကောက်ယူမှုလုပ်ငန်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးလှကျော်က ပြောကြားသည်။

တရုတ်တစ်သျှူးငှက်ပျောပင်များ စိုက်ပျိုးမှုသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားသည့် ကုန်စည်အမျိုးအစားတွင် ပါဝင်သည့်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရှိသော်လည်း ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေရရှိမှုအပေါ်တွင် ဝင်ငွေခွန်ကောက်ခံလျက်ရှိကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်တွင်းကုမ္ပဏီများအပေါ် ကန်ပိုက်တီးနယ်စပ်ဂိတ်စခန်းနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်စခန်းတို့မှတစ်ဆင့် တစ်သျှူးငှက်ပျောကားများ ဖြတ်သန်းသယ်ယူခွင့်ကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း ဦးလှကျော်က ပြောကြားသည်။

တစ်သျှူးငှက်ပျောကားများ ပြည်တွင်းကုမ္ပဏီများက နယ်စပ်ဂိတ်များမှတစ်ဆင့် တစ်ဖက်နိုင်ငံ တရုတ်ပြည်သို့ တင်ပို့ရာတွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို  ကောက်ခံလျက်ရှိရာတွင်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ကုမ္ပဏီစုစုပေါင်း ၂၈ ခုတို့မှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်းပေါင်း ၃၇၀၄ ဒသမ ၂၈၂ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent