အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် လှည့်လည်၍ ခိုးမှု ၁၇ မှုအထိ ကျူးလွန်ခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိ

အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် လှည့်လည်၍ ခိုးမှု ၁၇ မှုအထိ ကျူးလွန်ခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိ
Published 25 August 2018

အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အတွင်း လှည့်လည်၍ ခိုးမှု ၁၇ မှုအထိ ကျူးလွန်ခဲ့သော အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူများမှာ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် သူရအောင်၊ ပြည့်ဖြိုးကျော်၊ ဇင်မင်းသူနှင့် ရန်နိုင်ထွန်းဆိုသူတို့ ဖြစ်ကြပြီး ၎င်းတို့လေးဦးကို အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ပြင်စည်မင်းသားကြီးလမ်းပေါ်တွင် သြဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သူတို့က ခိုးမှုပြစ်ချက်ဟောင်းရှိလို့ မသင်္ကာလို့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးတော့ သူတို့ဆီမှာ ဖုန်းတစ်လုံးတွေ့တယ်။ အဲဒီဖုန်းနဲ့ ပတ်သက်ပြီးစစ်ဆေးတော့ ခိုးယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ ပေါ်ပေါက်သဖြင့် ၎င်းတို့လေးဦးအား အင်းစိန်မြို့မရဲစခန်းက (ပ)၁၅၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ပြီး အခြားပြစ်မှုများ ရှိ မရှိ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ၎င်းတို့လေးဦးသည် မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်းက အင်းစိန်မြို့ နယ် (၁၄) လမ်းဆုံအနီး ရပ်ထားသည့် ယာဉ် နှစ်စီးပေါ်မှ ဖုန်းလေးလုံးကိုလည်းကောင်း၊ တညင်းကုန်းဈေးရှိ သင်္ဘောသီးရုံအတွင်းမှ ဖုန်းတစ်လုံးကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့လေးဦးသည် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်းပေါ် တွင် ရပ်တန့်ထားသည့် ကုန်တင်ယာဉ်ပေါ်မှ ဖုန်းနှစ်လုံးနှင့် Bluetooth Box တစ်ခုတို့ ကိုလည်းကောင်း၊ တစ်ပါကွေ့ မှတ်တိုင်အနီး ရပ်တန့်ထားသည့် ယာဉ်ပေါ်မှ ဖုန်းနှစ်လုံးကိုလည်းကောင်း၊ တစ်ပါကွေ့ယာဉ်ကြီးများထားရှိရာ ခြံဝင်းအတွင်းရှိ နေအိမ်တစ်အိမ်ပေါ်မှ ဖုန်းတစ်လုံး၊ ဆောက်လုပ်ရေးတဲအတွင်းမှ ဖုန်းတစ်လုံး၊ ဈေးဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းတစ်လုံးကိုလည်းကောင်း၊ ဧည့်ရိပ်သာတစ်ခုအနီးရှိ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်အတွင်းမှ ဖုန်းတစ်လုံး၊ (၁/၃၆) ရပ် ကွက်၊ ပြည်-နဝဒေးလမ်းအနီးရှိ ဂိုဒေါင်နှင့် နေအိမ်အတွင်းမှ ဖုန်းနှစ်လုံး၊ မိကျောင်းအိုင် ရွာအတွင်းရှိနေအိမ်များထဲမှ ဖုန်းနှစ်လုံး၊ ရွှေဗဟိုပတ်လမ်းရှိ  ဆောက်လက်စတိုက်တစ်တိုက်အတွင်းမှ ဖုန်းနှစ်လုံး၊ နေမျိုးအနော်ရထာလမ်းရှိ ကင်းတဲတစ်တဲပေါ်မှ ဖုန်းတစ်လုံးကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်ပေါက်ချက်များအရ ၎င်းတို့လေးဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ အရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Most Recent