မတ်ပဲနှင့် ပဲစင်းငုံစိုက်တောင်သူများ ပြီးခဲ့သောဈေးနှုန်းကျဆင်းသည့် နှစ်အခြေအနေကြောင့် အကြွေးတင်ခြင်း၊ မျိုး၊ စိုက်စရိတ်အတွက် ရင်းနှီးငွေမရှိခြင်းအပါအဝင် တောင်သူများ လွန်စွာဆင်းရဲသွားခြင်းကို လေ့လာတွေ့ရှိဟု ဆို

မတ်ပဲနှင့် ပဲစင်းငုံစိုက်တောင်သူများ ပြီးခဲ့သောဈေးနှုန်းကျဆင်းသည့် နှစ်အခြေအနေကြောင့် အကြွေးတင်ခြင်း၊ မျိုး၊ စိုက်စရိတ်အတွက် ရင်းနှီးငွေမရှိခြင်းအပါအဝင် တောင်သူများ လွန်စွာဆင်းရဲသွားခြင်းကို လေ့လာတွေ့ရှိဟု ဆို
Published 25 August 2018

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများ ပဲသိမ်းနေသည့်လုပ်ငန်းခွင်ကို တွေ့ရစဉ်

မတ်ပဲနှင့် ပဲစင်းငုံစိုက်တောင်သူများသည် ပြီးခဲ့သော ဈေးနှုန်းကျဆင်းခဲ့သည့် နှစ်များ၌ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကြောင့် အကြွေးတင်ခြင်း၊မျိုး၊ စိုက်စရိတ်များအတွက် ရင်းနှီးငွေမရှိခြင်းစသည့် အချက်များအပါအဝင် တောင်သူများ လွန်စွာဆင်းရဲသွားခြင်းကို လေ့လာတွေ့ရှိရကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်၌ မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ဒေသအသီးသီးမှတောင်သူများ၊ ဒေသဆိုင်ရာ ကိုယ်စားလှယ်များ ၊ စီးပွားရေးပညာရှင်များ၏ ဆွေးနွေးချက်များအရ မတ်ပဲနှင့် ပဲစင်းငုံစိုက်တောင်သူအများစုမှာ လွန်စွာဆင်းရဲသွားခြင်းကို စာနာသနားဖွယ်လေ့လာတွေ့ရှိကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မတ်ပဲ၊ ပဲစင်းငုံသီးနှံများသည် အိန္ဒိယနိုင်ငံ၏ လက်ရှိဝယ်လိုအား အကန့်အသတ်နှင့်ပေါက်ဈေးမှာ မြန်မာနိုင်ငံအတွင်း လက်ကျန်များပြားမှုနှင့် ရောင်းလိုအားများမှုကြောင့် လက်ငင်းအိန္ဒိယပေါက်ဈေး၏ ထက်ဝက်ခန့်သာရှိ၍ ဈေးကွက်အာမခံချက်မရှိခြင်း၊ ပြည်တွင်း၌ ပိုလျှံသည့် မတ်ပဲလက်ကျန် တန်ချိန်များစွာ ရောင်းချရန် ကျန်ရှိနေခြင်း၊ လက်ရှိပြည်တွင်းဈေးကွက်ပေါက်ဈေးသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ်အောက်သို့ ရောက်နေခြင်းကြောင့် လာမည့်စိုက်ပျိုးရာသီတွင် များစွာလျော့နည်းစိုက်ပျိုးသင့်ကြောင်း သို့မဟုတ် မစိုက်သင့်တော့ကြောင်း လေ့လာတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်မှ မျိုးစေ့နှင့်စိုက်ပျိုးရေးနည်းပညာ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများလို အပ်သလို ကူညီထောက်ပံ့မှုဖြင့် တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းစေမည့် ပြည်တွင်းပြည်ပ ဈေးကွက်ရှိသည့်နွေစပါး၊ ပဲတီစိမ်း၊ ပြောင်း၊ ပဲပုပ်၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ စားတော်ပဲ၊ ပဲကြီး၊ ပဲနီပြား၊ စွန်တာနီ၊ မြေပဲ၊ နှမ်း၊ ကြံ၊ ဝါ စသည့် သီးနှံများမှ မိမိတို့ ဒေသရေမြေရာ သီဥတုနှင့် ကိုက်ညီမည့် သီးနှံအမျိုးအစားများကို အစားထိုးပြောင်းလဲစိုက်ပျိုးသင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဈေးကွက်ဝင်စိုက်ပျိုးရေး ထုတ်ကုန်များပြောင်းလဲထုတ်လုပ်ရေး၊ ပိုမိုထုတ်လုပ်ရေး ရည်မှန်းချက်များကို ကာလတိုကာလ လတ်ကာလရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

မတ်ပဲအစား အခြားသီးနှံများ ပြောင်းလဲစိုက်ရာတွင် အဆိုပါသီးနှံများ၏ ဈေးကွက်အလားအလာနှင့် ပြည်ပတင်ပို့နိုင်မှုအပေါ် တိကျရှင်းလင်းစွာ ပြောကြားပေးစေလိုကြောင်းနှင့် သီးနှံများ၏ ဈေးကောင်းရရှိမှုအပေါ် စိုးရိမ်ကြောင်း တောင်သူများက ဆိုသည်။

“အိန္ဒိယနိုင်ငံက ပဲဝယ်ယူမှုကန့် သတ်လိုက်တဲ့အတွက် အဲဒီအချိန်ကစပြီး ပဲဈေးကွက်အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၇-၂၀၁၈ မတ်ပဲစိုက်ရာသီမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကနေ ကျွန်တော်တို့ တောင်သူများကို မတ်ပဲစိုက်ဧကကို တစ်ဝက်လျှော့ပြီး စိုက်ပျိုးဖို့ ပညာပေးလမ်းညွှန်ခဲ့ပေမဲ့လို့ ကျွန်တော်တို့ တောင်သူများအနေနဲ့ မျိုး အခက်အခဲကတစ်ကြောင်း၊ ပြောင်းလဲစိုက်ပျိုးတဲ့သီးနှံရဲ့ ဈေးကွက်အခြေအနေကို မယုံတာကြောင့်က တစ်ကြောင်း၊ စိုက်တဲ့သီးနှံက ဈေးကောင်းရမှရပါ့မလား၊ ဝယ်မယ့်သူရှိမှ ရှိပါမလားဆိုတာကတစ်ကြောင်း ဆိုတဲ့အတွေးတွေကြောင့် မတ်ပဲကို ကျွန်တော်တို့ ဆက်ပြီး စိုက်ခဲ့ပါတယ်” ဟု ပဲခူတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးအေးလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧက သန်းပေါင်းဖြင့် စုစုပေါင်း ပဲမျိုးစုံစိုက်ဧရိယာဧက သန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

Most Read

Most Recent