ဝယ်ယူရန် သဘောတူညီမှု ရထားသည့် Su-30 SM တိုက်လေယာဉ် အမျိုးအစားအား ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်တိုင် မောင်းနှင်ပျံသန်းခဲ့ဟု ရုရှားသတင်းဌာန ဖော်ပြ

ဝယ်ယူရန် သဘောတူညီမှု ရထားသည့် Su-30 SM တိုက်လေယာဉ် အမျိုးအစားအား ကာကွယ်ရေးဦးစီးချုပ် (လေ) ကိုယ်တိုင် မောင်းနှင်ပျံသန်းခဲ့ဟု ရုရှားသတင်းဌာန ဖော်ပြ
Published 24 August 2018

ဝယ်ယူရန် သဘောတူညီမှု ရထားသည့် Su-30 SM တိုက်လေယာဉ် အမျိုးအစားကို ရုရှားနိုင်ငံ မော်စကိုမြို့သို့ အလည်အပတ်ခရီး ရောက်ရှိနေစဉ် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကိုယ်တိုင် ပျံသန်းခဲ့ကြောင်း ရုရှား TASS သတင်းဌာနက သြဂုတ် ၂၃ ရက်မှာ ဖော်ပြခဲ့သည်။

ရုရှား စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေး သတင်းရင်းမြစ်မှ TASS သတင်းဌာနကို ပြောကြားမှုအရ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် သြဂုတ် ၁၇ ရက်က မော်စကိုမြို့တော် အနောက်ဘက်ရှိ Kubinka လေတပ် အခြေစိုက်စခန်းတွင် Su-30 SM တိုက်လေယာဉ်ကို မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သတင်းရင်းမြစ်၏ ပြောကြားမှုအရ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် အနေဖြင့် တွဲဖက်လေယာဉ်မှူး အနေဖြင့် မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ဦးစီးလေယာဉ်မှူး ပြောင်းလဲ တာဝန်ယူခဲ့ကာ သရုပ်ပြ မောင်းနှင်ပျံသန်းမှု အမျိုးမျိုးလည်း မောင်းနှင်ပြခဲ့ကြောင်း သိရသည်။

တွဲဖက် ရုရှားလေယာဉ်မှူး ဖြစ်သည့် ဗိုလ်ကြီးအဆင့်ရှိသူက ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး၏ လေယာဉ်မောင်းနှင်မှု စွမ်းရည်ကို အမြင့်ဆုံးရမှတ်ပေးခဲ့ပြီး လျင်မြန်စွာ ချည်းကပ် သင်ယူနိုင်စွမ်းရှိသူဟုလည်း ချီးကျူးခဲ့ကြောင်း ရုရှားစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က TASS သတင်းဌာနကို ထပ်လောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ဗိုလ်ချုပ်ကြီးဟာ တိုက်လေယာဉ်ကို ယုံကြည်မှုရှိစွာနဲ့ ညက်ညောစွာ ထိန်းသိမ်း ပျံသန်းတတ်သူပါ”ဟုလည်း အဆိုပါ ရုရှားစစ်ဘက် သတင်းရင်းမြစ်က ပြောကြားသည်။

ယခုမောင်းနှင် ပျံသန်းမှုသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရုရှားကာကွယ်ရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရောင်းချရန် သဘောတူညီမှု ရခဲ့သည့် Su-30 တိုက်လေယာဉ် ခြောက်စင်းအတွက် စမ်းသပ် မောင်းနှင်မှုဖြစ်သည် ဟုလည်း ရုရှား စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောကြားခဲ့သည်ဟု TASS သတင်းတွင် ဖော်ပြခဲ့သည်။

Su-30 တိုက်လေယာဉ် အမျိုးအစားသည် နေတိုးအခေါ် Flanker-C ဖြစ်ပြီး လေသူရဲ နှစ်ဦးမောင်း၊ အင်ဂျင် နှစ်လုံးတပ် ၄+မျိုးဆက် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပြီး Su-30 SM အမျိုးအစားသည် ယခင်က ရုရှားတပ်မတော် အတွက်သာ အဓိက ထုတ်လုပ်ထားခြင်း ဖြစ်ကာ ကာဇတ်စတန်နိုင်ငံ တစ်နိုင်ငံတည်းကိုသာ ခြောက်စီး ရောင်းချထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့တပ်မတော် (လေ) ၏ အဓိက တိုက်လေယာဉ်အဖြစ် ရုရှားထုတ် MiG-29 အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ်များကို အသုံးပြုနေသလို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ရုရှားထုတ် YaK-130 အမျိုးအစား တန်းမြင့် အမောင်းသင် ဂျက်လေယာဉ်များကို တပ်တော်ဝင်ခဲ့သည်။

ထို့ပြင် တပ်မတော် (လေ) သည် ရုရှားထုတ် Mi-2 ၊ Mi -17 ၊ Mi-35 အမျိုးအစား ရဟတ်ယာဉ်များကို အသုံးပြုနေပြီး နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ်တစ်ရပ်ကိုလည်း ၂၀၁၇ ခုနှစ်အတွင်းက ချုပ်ဆိုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent