ရုပ်ရှင်လောကသား အနေဖြင့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သည့် ဆေးဝါးများအား ရှောင်ကြည်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်

ရုပ်ရှင်လောကသား အနေဖြင့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သည့် ဆေးဝါးများအား ရှောင်ကြည်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်
Published 24 August 2018

ရုပ်ရှင်လောကသားများ အနေဖြင့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သည့် ဆေးဝါးများအား ရှောင်ကြည်ရန် မြန်မာနိုင်ငံ ရှပ်ရှင်အစည်းအရုံးက တိုက်တွန်းနှိုးဆော်ချက် သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

ယင်းနှိုးဆော်ချက်တွင် လက်ရှိအချိန်၌ နိုင်ငံတော်အစိုးရ အနေဖြင့် တစ်မျိုးသားလုံး လူညွှန့်တုံးစေမည့် မူးယစ်ထုံထိုင်း ဘေးဖြစ်တတ်သော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းတို့အား ထိရောက်စွာ တားဆီး နှိမ်နင်းလျက် ရှိကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများ ဖြစ်ကြသည့် ရုပ်ရှင်လောကသားများ အနေဖြင့် တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ထုံထိုင်း ဘေးဖြစ်တတ်သော ဆေးဝါးများအား ရှောင်ကြည်ခြင်းဖြင့် ဝိုင်းဝန်းပံ့ပိုးပေးကြပါရန်ဟု ဖော်ပြထားသည်။

သြဂုတ်လအတွင်းက အနုပညာရှင်အချို့ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

သြဂုတ် ၁၆ ရက်ညက ဒါရိုက်တာမိုက်တီးအား တာမွေမြို့နယ်တွင် စိတ်ကြွဆေးပြား ၂၆ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ တေးသံရှင် ရွှေထိုက်အား အမျိုးသားတစ်ဦးနှင့်အတူ ရန်ကင်းမြို့နယ်အတွင်း၌ စိတ်ကြွဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်၊ ဆေးခြောက် ၁၂ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဟစ်ဟော့ တေးသံရှင် ရသ အပါအဝင် သုံးဦးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း စိတ်ကြွဆေး ၁၆၅၅ ပြားတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent