<

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ အခြေခံသည့်ကုမ္ပဏီများက တစ်သျှူးငှက်ပျော စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေးနှင့် မြေသြဇာအလွန်အကျွံ သုံးစွဲမှုများကြောင့် စိုက်ပျိုးမြေပျက်စီး ယိုယွင်းခြင်းအပြင် ဘေးထွက်ဆိုးကျိုးများကို ဒေသခံများ ခံစားနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောစိုက်ခင်း တစ်ခုအား ၂၀၁၇ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ အခြေခံသည့် ကုမ္ပဏီများက တစ်သျှူးငှက်ပျော စိုက်ခင်းများအား အကြီးအကျယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး ယင်းစိုက်ခင်းများတွင် သုံးစွဲသည့် ဓာတုပိုးသတ်ဆေးနှင့် မြေသြဇာ အလွန်အကျွံ သုံးစွဲမှုများကြောင့် စိုက်ပျိုးမြေပျက်စီး ယိုယွင်းခြင်းအပြင် ဘေးထွက်ဆိုးကျိုးများကို ဒေသခံများ ခံစားနေရကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကိုက ပြောကြားသည်။

သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးနိုင်ကိုကိုက ကချင်ပြည်နယ် လွှတ်တော်မှ ကွင်းဆင်းစစ်ဆေးခဲ့သည့် တရုတ်တစ်သျှူးငှက်ပျောပင် စိုက်ခင်းများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရတွင်ရှိသည့် စာရင်းနှင့်မြေပြင် စာရင်းများ ကွဲလွဲနေပြီး အခွန်အခ ဘီလျံနှင့်ချီ နစ်နာနေခြင်း၊ လက်ရှိ စိုက်ပျိုးဧက ၄၀၀၀၀ ကျော်အနက် ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးလုပ်ဆောင် နေခြင်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့် မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးနိုင်ကိုကိုက “ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးမောက်၊ မန်စီ၊ ဗန်းမော်၊ ရွှေကူ၊ တ၀န်းရံ အစရှိတဲ့ မြို့ဧရိယာ တော်တော်များများမှာ တရုတ်ပြည်မှ လုပ်ငန်းရှင်များ အခြေခံတဲ့ ကုမ္ပဏီအများစုဟာ တစ်သျှူးငှက်ပျော အကြီးအကျယ် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လျက်ရှိရာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ အချို့က တရားဝင်ခွင့်ပြုမိန့်ဖြင့် စိုက်ပျိုးနေကြသလို အချို့က တရားမ၀င်နည်းများဖြင့် သက်ဆိုင်ရာ မြို့နယ်မှ တာဝန်ရှိသူ ပိုင်ရာဆိုင်ရာ အကြီးအကဲတွေနဲ့ အဆင်ပြေသလို စိုက်ပျိုးနေကြခြင်းများ ရှိကြရာ လူမှုပတ်ဝန်းကျင် အခြေအနေကို ထိခိုက်စေနိုင်တဲ့ အဆိုပါ တစ်ရှူးငှက်ပျော စိုက်ပျိုးခြင်း လုပ်ငန်းများကို မကြပ်မတ်နိုင်ပါက နိုင်ငံတော်လည်း အခွန်အခ အကျိုးအမြတ်မရ၊ ဒေသခံပြည်သူများလည်း နစ်နာနိုင်မှုများလည်း ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ယခုဆိုရင် စစ်ဘေးရှောင်ပြေးနေကြရတဲ့ တိုင်းရင်းသားပြည်သူ အများစုရဲ့ အဖြစ်ဟာ မိမိတို့ရဲ့ ရပ်ရွာနယ်မြေသို့ ပြန်လည်အခြေချ နေထိုင်နိုင်ခြင်း မရှိသေးဘဲ ဒေသခံတို့ရဲ့ ယခင်စိုက်ပျိုး ရှာဖွေစားသောက်ခဲ့ရာ ဒေသတွေမှာ တရုတ်တစ်သျှူး ငှက်ပျောစိုက်ခင်းကြီးတွေ မျက်စိတစ်ဆုံး နေရာယူ စိုက်ပျိုးထားသည်ကို တွေ့မြင်နေကြရပါတယ်။၂၀၀၆ ခုနှစ်ကတည်းက ဘိန်းအစားထိုး အမည်နဲ့ နေရာယူခဲ့တဲ့ ငှက်ပျောခင်းတွေဟာ ၀ိုင်းမော်မြို့နယ် တစ်ခုတည်းမှာပဲ လက်ရှိ ဧကပေါင်း ၂၇၀၀၀ ကျော် ရှိနေပါတယ်။ တစ်သျှူးငှက်ပျော စိုက်ခင်းများသည် ကချင်ပြည်နယ် တစ်ခုလုံးရဲ့ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ တုန်ဖုံးယံ၊ ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်နားအထိဆိုလျှင် ခန့်မှန်းဧကပေါင်း တစ်သိန်းကျော်သည်အထိ ရှိနိုင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် လီဆူးအရပ်ဘက် အဖွဲ့အစည်း၏ ၂၀၁၇ ခုနှစ် သုတေသနပြုချက်အရ အဆိုပါ ငှက်ပျောစိုက်ခင်းများ၏ ဓာတုပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မြေသြဇာတွေ အလွန်အကျွံ သုံးစွဲထားခြင်းနှင့် သုံးပြီးသား ရေဆိုးများကို စည်းကမ်းမဲ့ စွန့်ပစ်ထားခြင်းများကြောင့် ရေအရင်းအမြစ်များ ပျက်စီးခြင်း၊ ကျွဲနွားများ သေဆုံးခြင်းနှင့် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်လာစေရုံသာမက စိုက်ပျိုးမြေ ပျက်စီးယိုယွင်းခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုး များစွာကို ခံစားနေကြရကြောင်း ၎င်းကပြောကြားသည်။

“၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက် ညနေပိုင်းမှာ ကချင်ပြည်နယ်သို့ တရုတ်ပြည်မှ ၀င်ထွက်သွားလာနေတဲ့ ကန်ပိုက်တီးလမ်းပေါ်မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဟာ အခွန်မဆောင် ၂၁ စီးနဲ့ အခွန်ဆောင် ခုနစ်စီး၊ စုစုပေါင်းယာဉ် ၂၈ စီးပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မြေသြဇာတွေ၊ ပိုးသတ်ဆေးများ တရားမ၀င် ၀င်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသား ခုနစ်ဦး အစရှိတဲ့ သတင်းအချက်အလက်တွေ ထောက်ရှုကြည့်ခြင်းအားဖြင့် ဟိုးယခင် အချိန်ကတည်းက အကြိမ်ပေါင်းများစွာ ၀င်ရောက် လုပ်ကိုင်နေကြသည်ကို ခန့်မှန်းသိရှိနိုင်ပြီး တာဝန်ရှိသူများ အနေဖြင့် ပေါ့တန်စွာ လှစ်လျူရှုမနေသင့်တော့တဲ့ အခြေအနေသို့ ရောက်ရှိနေပါတယ်။ နယ်မြေလုံခြုံရေး တာဝန်ယူထားတဲ့ တာဝန်ရှိသူများ အနေနဲ့ မိမိနိုင်ငံသားတွေကိုတော့ ၀င်ထွက်ဖြတ်သန်းခွင့် ပိတ်ပင်တားမြစ်ထားပြီး အဆိုပါ နေရာတွေမှာ နိုင်ငံခြားသား လုပ်ငန်းရှင်များကို တရားမ၀င် လွတ်လွတ်လပ်လပ် ကျူးကျော်စိုက်ပျိုး လုပ်ကိုင်ခွင့် ပြုထားခြင်းဆိုတာ မဖြစ်သင့်တော့ပါ” ဟု ဦးနိုင်ကိုကိုက ပြောကြားသည်။

အဆိုပါ မေးမြန်းမှုအား စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က တစ်သျှူးငှက်ပျောများကို ပြည်တွင်းကုမ္ပဏီများက နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား မြစ်ကြီးနားမြို့နယ် အခွန်ဦးစီးဌာနရုံးမှ ကောက်ခံလျက်ရှိကြောင်း၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များမှ ခွင့်ပြုချက်မရသေးသည့် မြေများပေါ်တွင် စိုက်ပျိုးနေမှုများကို ဥပဒေနှင့်အညီ ဖြစ်စေရန် ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ ဖွဲ့စည်းထားသည့် အဖွဲ့မှ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့သည်။

 

August 23, 2018














Copy Protected by Chetan's WP-Copyprotect.