<

ဖားကန့်မြို့နယ် တောင်းကော့ကျေးရွာအနီး သက်တမ်းကုန်လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်သူ ၁၉ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်းကော့ကျေးရွာအနီး သက်တမ်းကုန်နေသည့် စိန်လုံတောင်တန်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်သူ ၁၉ ဦးကို သြဂုတ် ၂၂ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းတရားမ၀င် တူးဖော်သူများကို သတင်းအရ ခမရ (၃၃) မှ ဗိုလ်ကြီးညီညီအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဆိပ်မူရဲကင်းမှ ရဲအုပ်အောင်ကျော်ဇင် ဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗမာ ၁၂ ဦး၊ ရှမ်းတိုင်းရင်းသား လေးဦး၊ တရုတ်လူမျိုးနှစ်ဦး၊ ပလောင်တိုင်းရင်းသား တစ်ဦးကို အရှည် နှစ်ပေ သံတိုင်တပ် တရုတ်နိုင်ငံလုပ် လက်ကိုင်ကျောက်တူးစက် ကိုးလုံးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူများကို ကျောက်စိမ်းတူးဖော်ရေးဌာနမှ လက်ထောက်မန်နေဂျာက တရားလိုပြုလုပ်ပြီး ဖားကန့်မြို့မ ရဲစခန်းတွင် (ပ) ၁၁၆/၂၀၁၈ ကျောက်မျက် ဥပဒေပုဒ်မ ၄၁(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မမုန်ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက “ဒီမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး ဖြစ်နေတာ။ သက်တမ်းကုန် လုပ်ကွက်တွေလည်း ကေအိုင်အေအဖွဲ့လိုလို၊ ဘာလိုလိုတွေက ကောင်းတဲ့နေရာတွေယူပြီး လုပ်ချင်သလိုလုပ်တာ။ ဖားနိုင်ဖားစား၊ ငါးနိုင်ငါးစားပေါ့။ အခုဖမ်းတဲ့နေရာက တစ်ဖက်နဲ့တစ်ဖက် ကူးတဲ့လမ်းပေါ့။ ကျောက်စိမ်းကြောက ကောင်းနေတော့ တားဆီးလို့မရဘူး။ အဲဒါကြောင့် ဖမ်းတာလို့ သိရတယ်။ အခုလို ဖမ်းဟယ်ဆီးဟယ် ဆိုရင်လည်း ရေမဆေးတွေ သိန်းချီပြီးရှိတော့ ဆူဆူပူပူ လုပ်ကြမှာလည်း စိုးရိမ်ရသေးတယ်။ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်တွေကို ဥပဒေအရ အသေအချာ စိစစ်ပြီး ချထားပေးမှ ဒီပြဿနာအေးမှာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းအထက် ရှိနေပြီး အများစုမှာ သက်တမ်းကုန်လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်မျက်တူးဖော်ဆဲ ကုမ္ပဏီများတွင် ၀င်ရောက်ရှာဖွေခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

 

August 23, 2018














Copy Protected by Chetan's WP-Copyprotect.