ပခုက္ကူဆေးရုံကြီး အရိုးကုသဆောင်မှ တာဝန်ကျဆရာဝန် တစ်ဦးနှင့် လူနာမိန်းကလေးတို့ ငြိစွန်းသည်ဆိုသည့် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဌာနတွင်း စုံခုံဖွဲ့စစ်ဆေးနေ

ပခုက္ကူဆေးရုံကြီး အရိုးကုသဆောင်မှ တာဝန်ကျဆရာဝန် တစ်ဦးနှင့် လူနာမိန်းကလေးတို့ ငြိစွန်းသည်ဆိုသည့် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဌာနတွင်း စုံခုံဖွဲ့စစ်ဆေးနေ
Published 24 August 2018

ပခုက္ကူဆေးရုံကြီး အရိုးကုသဆောင်မှ တာဝန်ကျဆရာဝန် တစ်ဦးနှင့် လူနာမိန်းကလေးတို့ ငြိစွန်းသည်ဆိုသည့် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဌာနတွင်း စုံစမ်းစစ်ဆေးနေကြောင်း မကွေးတိုင်း ကျန်းမာရေး ဦးစီးမှူးက သြဂုတ် ၂၃ ရက်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ် မှန်ကန်ခြင်း ရှိ၊ မရှိနှင့် ကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်မှုရှိ၊ မရှိ စုံခုံဖွဲ့ စစ်ဆေးနေပြီး ရေစကြိုမြို့ ပြည်သူ့ဆေးရုံ အုပ်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ မြို့နယ်ဆရာဝန် တစ်ဦးနှင့် တိုက်နယ်ဆရာဝန် တစ်ဦးမှ အဖွဲ့ဝင်အဖြစ် ပါဝင်စစ်ဆေးနေကြောင်း သိရသည်။

“ကျွန်တော့်ဘက်က ဘာသတင်းမှ မရပေမယ့် ရတဲ့သတင်းပေါ်မှာ မူတည်ပြီးတော့ ဆရာဝန်တစ်ယောက်က ဆရာဝန်ကျင့်ဝတ်နဲ့  ညီလား၊ မညီလား ဆိုတာတွေကို ကျွန်တော်တို့က စွပ်စွဲခံရတဲ့ကလေးကို အစစ်ဆေးခံသူ အနေနဲ့ စစ်တယ်။ ရေစကြိုဆေးရုံအုပ်က ဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန် တစ်ယောက်နဲ့ တိုက်နယ်ဆရာဝန် တစ်ယောက် အဖွဲ့ဝင် အနေနဲ့ စစ်နေတယ်။ ဒီနေ့ဆို ပြီးလောက်ပြီ။ ရီပို့တက်လာရင် ကျွန်တော့်သဘောထား မှတ်ချက်နဲ့အတူ ရုံးချုပ်ကို တင်ပေးမယ်။ သဘောထားမှတ်ချက်ပဲ ပေးလို့ရတယ်။ ဆုံးဖြတ်ပေးလို့ မရဘူး။ ဖြစ်ရင်ဖြစ်သလိုတော့ ခံရမယ်။ သူဘာလုပ်တယ်ဆိုတာ ပေါ်လာလိမ့်မယ်။ စစ်ဆေးနေပါတယ်” ဟု မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ပြောကြားသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက်က လူမှုကွန်ရက်တွင် Anyarthar Luhman အမည်ဖြင့် ပခုက္ကူ = ရေစကြို သတင်းပေါင်းချုပ်ကြီး ဆိုသည့် Public Group ၌ ‘ပထမဝါဆိုလဆုတ် ၁၄ ရက်ညတွင် ကျမသမီး လူနာကုတင်ပေါ်မှ ပျောက်သွားခဲ့ပါတယ်။ ဘေးလူနာစောင့်တွေကို ကျမသမီး မြင်မိလားလို့ မေးကြည့်တော့ ဆရာဝန်နားတဲ့ အခန်းထဲ ဝင်သွားတာ မြင်လိုက်ကျတယ်လို့ ဆရာဝန်နားနေခန်း အနီးက လူနာစောင့်တွေက ပြန်ပြောကြတယ်။ သမီးလေးကို မေးကြည့်တော့ တိတိကျကျ အဖြေမရခဲ့ဘူး။ ဆေးရုံကို ၈ ရက်တက် ခဲ့ရတယ်။ ၄ ရက်မြောက်ညကစပြီး သမီးလေးညညမှာ ပျောက်ပျောက်သွားတာ ၄ ရက်လုံးလုံး ပျောက်နေခဲ့ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

ဆရာဝန်နှစ်ဦးက လှမ်းခေါ်၍ သမီးဖြစ်သူ လိုက်သွားကြောင်း၊ နားနေခန်းထဲအ ရောက်တွင် ဆရာဝန်နှစ်ဦးက တံခါးပိတ်လိုက်ကြောင်းနှင့် သမီးအား ဆက်မေးရာ မပြောတော့ဘဲ ငိုနေခဲ့ကြောင်း Anyarthar Luhman အကောင့်တွင် ဆက်လက်ရေးသားဖော်ပြပြီး အင်တာနက် အသုံးပြုသူများက မှတ်ချက်အများအပြား ဝင်ရောက်ရေးသားခဲ့သည်။

သြဂုတ် ၂၀ ရက်တွင် ‘ပခုက္ကူမြို့စောင့် ဘီလူး’ အမည်ဖြင့် အင်တာနက်အသုံးပြုသူ တစ်ဦးက ‘အများပြည်သူ စိတ်ဝင်စားနေသည့် ဆေးသမားကျင့်ဝတ် ဖောက်ဖျက်သော၊ လူ့စည်းကမ်း မလိုက်နာသော ဆရာဝန်နှင့် အသက်မပြည့်သေးသူ၊ အိမ်ထောင်သည် ဆရာဝန်၏ ကာမဖျားယောင်းသွေးဆောင် ရယူခြင်းခံရသူ၊ မိဘအုပ်ထိန်းမှု မကင်းလွတ်သေးသူ၊ ပခုက္ကူဆေးရုံမှ လူနာမိန်းကလေး၏ ဇာတ်လမ်းမှာ အမှန်တစ်ကယ် ဖြစ်ပွားခဲ့ပါသည်’ ဟု အင်တာနက် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

လူနာမိန်းကလေးအား ဆရာဝန်ခုနစ်ဦးက မုဒိမ်းကျင့်ခြင်းနှင့် ဆရာဝန်က လူနာအား နားနေခန်းအတွင်း မုဒိမ်းကျင့်ခြင်းဆိုသည့် ဖြစ်စဉ်မျိုး မရှိကြောင်းနှင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်းများလည်း မရှိကြောင်း မကွေးတိုင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ပြောကြားသည်။

“ဖေ့စ်ဘွတ်မှာတော့ ပထမလူတစ်ယောက်က ဆရာဝန် ခုနစ်ယောက်က Rape လုပ်တယ်ပေါ့။ နောက်တစ်ခုကတော့ ဆရာဝန်တစ်ယောက်နဲ့ လူနာနဲ့ ဌာနထဲမှာ ဖြစ်ကြတယ်ပေါ့။ ဒါလေး ထွက်တယ်။ ကျွန်တော်တို့ ဆီတော့ ဘာတစ်ပုဒ်မှ မရောက်ဘူး။ ကျွန်တော်တို့လည်း သူများပြောမှသိတယ်။ အဲဒီတော့ ပခုက္ကူဆေးရုံကြီးကို မေးတယ်။ ရဲတပ်ဖွဲ့မှူးမေးတယ်။ ရဲစခန်းမှာလည်း တိုင်တာမရှိဘူး။ ပခုက္ကူဆေးရုံအုပ်ကြီးကတော့ သူတို့ပြောတဲ့ လူနာနဲ့ မိဘတွေကို ခေါ်တွေ့တယ်။ သုံးခါတိတိ ခေါ်တွေ့တယ်။ ဘာလုပ်ပေးရမလဲ ဘာတွေဖြစ်တာတုန်းဆိုတော့ ဘာမှမဖြစ်တော့ပါဘူး။ သူ့မိဘတွေက ကလေးကို ရောဂါပျောက်အောင် ကုသပေးရင် ပြီးပါပြီလို့ ပြောတယ်ပေါ့။ အဲဒီလိုပဲ ကြားတယ်။ အပြင်မှာ ပြောနေတာတွေတော့ မကြားဘူး။ ကျွန်တော် ပြောနိုင်တာက ပခုက္ကူကိစ္စမှာ Rape လုပ်တယ်ဆိုတာ မဟုတ်ဘူး။ ဌာနထဲမှာ ဒီလိုကိစ္စ ဖြစ်သွားတယ် ဆိုတာလည်း မဟုတ်ဘူးလို့ ပြောလို့ရတယ်” ဟု မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ဆက်လက်ပြောကြားသည်။

သြဂုတ် ၂ ရက် ညမှစ၍ လူနာမိန်းကလေးနှင့် ဆရာဝန်တို့၏ဖြစ်စဉ် မှန်ကန်မှု ရှိ မရှိ မြို့ခံများအကြား ဝေဖန်မှုများရှိနေပြီး သြဂုတ် ၆ ရက်တွင် လူနာမိန်းကလေးနှင့် ငြိစွန်းသည်ဟုဆိုသည့် ဆရာဝန်အား အခြားမြို့သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ပြောင်းရွှေ့မိန့် ထုတ်ရခြင်းနှင့် ပတ်သက်၍ တိုင်းကျန်းမာရေး ဦးစီးမှူးအား မေးမြန်းရာ လူနာနှင့် ငြိစွန်းခြင်းကြောင့် ပြောင်းရွှေ့သည့်စာထုတ်ရခြင်း မဟုတ်ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက် ဆရာဝန် လိုအပ်နေသည့် မြို့သို့ နှစ်လခန့် ယာယီရွှေ့ပြောင်းခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ပခုက္ကူဆေးရုံ အရိုးကုသဆောင်မှ တာဝန်ကျဆရာဝန်နှင့် အသက်မပြည့်သေးသည့် လူနာမိန်းကလေးတို့ ငြိစွန်းသည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ပခုက္ကူမြို့ခံများအကြား အမျိုးမျိုး ဝေဖန်ပြောဆိုနေပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်အား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်စေလိုကြောင်း မြို့ခံများက ဆန္ဒရှိနေသည်။

 

Most Read

Most Recent