သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်သော်လည်း ဝါခေါင်လပြည့် တက်ရေအခြေအနေ စောင့်ကြည့်နေရ

သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်သော်လည်း ဝါခေါင်လပြည့် တက်ရေအခြေအနေ စောင့်ကြည့်နေရ
Published 24 August 2018

ဘားအံမြို့ အမှတ်၂ ရပ်ကွက် မြတ်လေးလမ်းတွင် သံလွင်မြစ်ရေ ကျဆင်းနေသည်ကို သြဂုတ်၂၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်

သြဂုတ် ၂၃ ရက် ညနေ ၄ နာရီ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ၈၆၃ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ရှိနေကာ မြစ်ရေပြန်လည် ကျဆင်းနေသော်လည်း ဝါခေါင်လပြည့် တက်ရေအခြေအနေကို စောင့်ကြည့်နေရကြောင်း ဒေသခံများက ပြောကြားသည်။

“သံလွင်မြစ်က ဒီလိုပါပဲ။ ကျလိုက်တက်လိုက် သဘောမှာ ရှိနေတော့ ယုံစားလို့မရသေးဘူး။ အမြင့်ဆုံး တက်ရေဖြစ်တဲ့ ဝါခေါင်လပြည့်ရေက ကျန်နေသေးတယ်။ အဲဒါကို စောင့်ကြည့်ရမှာပေါ့။ မြစ်ရေကျတယ် ဆိုတာက ခါတိုင်းနှစ်တွေလို တောက်လျှောက်ကြီး ကျဆင်းသွားတာမှ မဟုတ်တာ။ အခုမြစ်ရေ ပြန်လည်ကျဆင်းတယ် ဆိုပေမယ့် စိုးရိမ်ရေမှတ်မှာပဲ ရှိနေတယ်” ဟု ဘားအံမြို့ခံတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ၎င်းတို့၏မှတ်တမ်းအရ သံလွင်မြစ်ရေသည် ၅၃ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၂၀၁၈ ခုနှစ်ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ၉၃၈ စင်တီမီတာ ရောက်ရှိခဲ့ပြီး ယခင် ၂၀၀၂ ခုနှစ် သြဂုတ် ၁၈ ရက်တွင် စံချိန်တင် ရောက်ရှိခဲ့သည့် ၉၃၆ စင်တီမီတာကိုချိုးကာ ၅၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ရေကြီးရေလွှမ်းမိုးမှု ကာလမှာလည်း အရှည်ကြာဆုံး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်တွင် ဇူလိုင်တစ်လလုံး နေ့စဉ်မပြတ် မိုးရွာသွန်းမှုရှိပြီး သြဂုတ် ၂၃ ရက် အထိ နေပူရက် နှစ်ရက်သာ ရှိခြင်းကြောင့် ရေကြီးရေလွှမ်းမိုးမှု ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ ကယ်ဆယ်ရေးစခန်းများကို ရုပ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဇူလိုင်တစ်လလုံးနဲ့ သြဂုတ်နောက်ဆုံးပတ်အတွင်း နေ့စဉ်မိုးရွာနေတာကြောင့် မြစ်ရေ မကျဆင်းနိုင်ဘူး။ ရေက နည်းနည်းကျ များများတက်နေတော့ လူနေအိမ်တွေလည်း မြုပ်လိုက်ပေါ်လိုက် ဖြစ်နေတယ်။ နေအိမ်ရှေ့ လူသွားလမ်းတွေ မပေါ်သေးဘူး။ သွားရေးလာရေး အရမ်းခက်ခဲသလို စားရေးသောက်ရေးလည်း အခက်အခဲ ကြုံတွေ့နေရတာလေ။ ဒီနှစ်ရေကြီးချက်က အရမ်းကြီးတယ်။ ဒီလိုမျိုးလည်း တစ်ခါမှ မကြုံတွေ့ဖူးတော့ အရမ်းစိတ်ဆင်းရဲ ရပါတယ်” ဟု ဘားအံမြို့ မြေနိမ့်ရပ်ကွက်မှ နေအိမ်မစွန့်ခွာလိုသူ ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။

သံလွင်မြစ်ရေချိန်၏ စိုးရိမ်ရေမှတ်မှာ ၇၅၀ စင်တီမီတာဖြစ်ပြီး သြဂုတ် ၂၃ ရက်တွင် မြစ်ရေပြန်လည် ကျဆင်းနေသော်လည်း ဝါခေါင်လပြည့်တက်ရေ အခြေအနေကို စောင့်ကြည့်နေရသဖြင့် ကယ်ဆယ်ရေး စုရပ်စခန်း အသီးသီးတွင် ရေဘေးသင့်ပြည်သူများ ဆက်လက် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent